သီချင်းငှက်၏ ကောင်းကင်ခရီး – လွမ်းဝေနိုင်

သီချင်းငှက်၏ ကောင်းကင်ခရီး – လွမ်းဝေနိုင်

… သီချင်းငှက်၏ ကောင်းကင်ခရီး …

သူ့ဆံပင်တွေ တွန့်လိမ်ကောက်ကွေးလို့။ အမြင်အားနည်းတဲ့ မျက်ဝန်းတစ်စုံရှေ့မှာ ပုလင်းဖင်မျက်မှန်ထူထူဝိုင်းဝိုင်းနဲ့။ ဒါ.. သူ့ရဲ့ဖြစ်တည်ခြင်းသင်္ကေတပေါ့။ ထူးအိမ်သင်ရဲ့ သင်္ကေတပါ။ ၁၉၈ဝလွန်ခုနှစ်များကို သူဟာ ဂီတတွေနဲ့အပိုင် သိမ်းပိုက်နိုင်ပါတယ်။ နာရီပေါ်က မျက်ရည်စက်များဟာ ကျွန်တော်တို့လူငယ်များအတွက် စိတ်ဓာတ်အဟာရများ ဖြစ်ခဲ့ကြပါတယ်။ သူ့သီချင်းများဟာ ကိုယ်ပိုင်သံစဉ်များဖြစ်ကြပြီး ဒဿနစိမ့်ဝင်စီးဆင်းနေတဲ့ ဂီတများဖြစ်လို့နေပါတယ်။ “အမေ” ကိုချစ်တဲ့ သူ့သီချင်းတွေဟာ အနုပညာလောကမှာ နေရာတစ်နေရာစာ ရပ်တည်ဖို့ ကြိုးစားနေရတဲ့ ကျွန်တော်တို့လူငယ်တွေအားလုံးရဲ့ သီချင်းဖြစ်သွားခဲ့ပါတယ်။
အမေ .. ကျွန်တော့်ကို စိတ်မညစ်ဘူးလား .. ဘဝမှ အကြိမ်ကြိမ်အခါခါ ရှုံးလည်း မာနက အကြီးသား .. ကိုယ်ယုံကြည်ရာကို ဈေးကွက် .. တင်ရောင်းဖို့ ရှက်နေလို့တဲ့ .. ပိုက်ဆံတစ်ပြားမှမရှိတဲ့ သူသိက္ခာရှိချင်သေးသတဲ့ .. ကဲ .. အမေ့ရဲ့ ဒုက္ခအိုးလေးပေါ့။
၁၉၉၄-၉၅ ခုနှစ်၊ ကျွန်တော်တို့ ရန်ကုန်တက္ကသိုလ်ကျောင်းသားတစ်စု လမ်း ၃ဝ က ကိုငြိမ်း (ဆရာငြိမ်းအေးအိမ်) ရဲ့သရဖူမဂ္ဂဇင်းတိုက်မှာ စတည်းချနေချိန်။ ကိုကြွက်နီကို အကြောင်းပြုပြီး ပုသိမ်အုပ်စုတွေနဲ့ ခင်မင်ကျွမ်းဝင်ခဲ့ကြပါတယ်။ ပုသိမ်အုပ်စုတွေနဲ့နွယ်ပြီး ဆံပင်ကောက်ကောက်၊ မျက်မှန်ထူထူ သူနဲ့ ကိုမြင့်မိုးအောင်ကို ရင်းနှီးခဲ့ပါတယ်။ အဲဒီတုန်းက သရဖူမဂ္ဂဇင်းမှာ နေ့လယ်တစ်ထောက်ဝင်ခိုရင်း သူ့ချစ်သူ “မသွယ်” ရဲ့ ကျူရှင်ဆင်းချိန်ကို လာစောင့်နေကျ။
အဲဒီတုန်းက သူက စူပါတေးရေး၊ တေးဆို။ ဒါပေမဲ့ ဘာမှလောက်လောက်လားလားမရှိသေးတဲ့ ကျွန်တော်တို့ လူငယ်စာပေသမားတွေကို လေးလေးစားစားနွေးနွေးထွေးထွေး ဆက်ဆံလေ့ရှိပါတယ်။ သူဟာ အပြင်ပန်းကကြည့်ရင် မာကျောသယောင်ယောင်ရှိပေမယ့် ရင်းရင်းနှီးနှီးပေါင်းကြည့်တဲ့အခါ အရမ်းချစ်စရာကောင်းသူတစ်ယောက်ပါ။
သူ့ကို ဂီတလောကသာမက စာပေလောက၊ သရုပ်ဆောင်လောက ကလူတွေတော်တော်များများက ချစ်ခင်လေးစားကြပါတယ်။ စာနယ်ဇင်းလောကထဲ ထဲထဲဝင်ဝင်ရောက်နေချိန် သူနဲ့ကျွန်တော် အချိန်ကြာကြာစကားပြောဖြစ်ကြပါတယ်။ လုံးချင်းဝတ္ထုရေးပါလားလို့ သူတိုက်တွန်းတော့ ကျွန်တော်က ကျွန်တော့်ဘက်က အခက်အခဲတွေကို ပြန်ပြောဖြစ်တယ်။ အဲဒီအခါ သူက ခေါင်းတဆတ်ဆတ်ညိတ်ရင်း အင်းလေ.. ဘာပဲဖြစ်ဖြစ် ဒီလောကမှာ ကိုယ့်လူတစ်ယောက်ရှိတာလဲ ကောင်းတာပဲတဲ့။
သူနဲ့ ကျွန်တော်တို့ မှတ်မှတ်ရရအဖြစ်ကလေးတွေက အများကြီးပါ။ အဲဒီထဲက တစ်ခုက စာပေဂျေဖီးယားဂိုဏ်းခေါင်းဆောင်ကြီး မာဂျေနဲ့အပေါင်းအပါများက သူတို့ရဲ့ ဂီတစွမ်းရည်ပြဖို့ ကျွန်တော်ရယ်၊ ကိုငှက်ရယ်၊ ကိုကြွက်ရယ်ကို ကာရာအိုကေဆိုင်ခေါ်သွားပါတယ်။ ဆရာမာဂျေတို့ အပေါင်းအဖော်များ သီချင်းတွေတစ်ပုဒ်ပြီး တစ်ပုဒ်ဟစ်အော်ချိန်မှာ ကိုငှက်ရယ်၊ ကိုကြွက်ရယ်၊ ကျွန်တော်ရယ် ကြမ်းပြင်ပေါ်မှာ ကျုံ့ကျုံ့လေးတွေထိုင်လို့။ ကိုငှက်က ကြိုးစားပမ်းစား အသံညှိပေးနေချိန် ကျွန်တော်နဲ့ ကိုကြွက်က အနီပတ်ပုလင်းလေးဖက်လို့။ ဆရာမာဂျေတို့အဖွဲ့က အဆိုရော၊ အကပါတွဲဖက်လာတဲ့အခါ ကြမ်းပြင်မှာထိုင်နေတဲ့ ကျွန်တော်တို့လူငယ်သုံးဦး အသာလစ်ပြေးခဲ့ရပါတယ်။ ကျွန်တော်တို့သုံးဦးထဲမှာ ကိုငှက်က အသက်အကြီးဆုံး။ ဒီတစ်ခါတော့ ကျွန်တော်တိုတတွေ သီချင်းတွေမဆိုတဲ့ဆိုင်ကို ရွေးပြီးသွားကြပါတယ်။
လွန်ခဲ့တဲ့တစ်နှစ်လောက်က သူအေဘီစီမှာ အာရုံကျနေပါတယ်။ မကြာခဏဆိုသလို ပေါ်ပြူလာဂျာနယ်တိုက်ကို ဝင် ဝင်လာတတ်ပါတယ်။ တစ်ညသား သူရောက်လာတော့ လက်ထဲမှာ တားရော့ခ်ဖဲထုပ်တွေနဲ့။ ဆရာဟိန်းလတ်နဲ့ တားရော့ခ်အကြောင်းပြောမလို့တဲ့။ ပြီးတော့ ဆရာဟိန်းလတ်မှာရှိတဲ့ တားရော့ခ်အထုပ်နဲ့ သူ့မှာရှိနေတဲ့ တားရော့ခ်အထုပ်လဲမလို့တဲ့။ အဲဒီညက ကျွန်တော်အူကြောင်ကြောင်ဖြစ်ရပါတယ်။ ဆရာဟိန်းလတ်နဲ့ သူနဲ့ တားရော့ခ်တွေ တစ်ယောက်တစ်လှည့်စီဟောလို့။ ကျွန်တော့်ကို ဗေဒင်ယုံလားလို့မေးတယ်။ ကျွန်တော်က “မယုံဘူး” ဆိုတော့ သူ တညှင်းညှင်းရယ်လို့။ ဆရာဟိန်းလတ်ကတော့ သူ့ကို အမှတ်ပြည့်ပေးတယ်။ “ထူးအိမ်သင်ဟာ.. တကယ့်ကို တားရော့ခ်ပညာရှင်ပဲ” တဲ့။
ငါဟာ အတ္တမဲ့အလင်းတစ်ခုဖြစ်ချင်တယ်
(အလင်းတစ်ခုဖြစ်ချင်တယ်)
ပိုင်ဆိုင်တာတွေ စွန့်ပစ်ခဲ့
ရေလိုစီးဆင်းသွားချင်လည်း
(ငါ့အတွက်)
(အစိမ်းရောင်တံခါးများ)၃
အဲဒီနေ့ဟာ စနေနေ့ဆိုတာတော့ မှတ်မိတယ်။ ပေါ်ပြူလာအလုပ်တွေနေ့တစ်ဝက်နဲ့ ပြီးသွားလို့ ရုံးစောစောဆင်းသွားပြီး အခန်းလူရှင်းနေတာမို့ သံဘာဂျာတံခါးကို စေ့ထားလိုက်တယ်။ ညနေစောင်းမှာ “အဟက်” ဆိုတဲ့ရယ်သံပြုလို့ တံခါးဆွဲဖွင့်ပြီး သူဝင်လာတယ်။ အေဘီစီကို တစ်ယောက်တည်းသွားရမှာ ပျင်းလို့တဲ့။ ပေါ်ပြူလာရှေ့မှာပဲ ပလပ်စတစ်ထိုင်ခုံကိုယ်စီနဲ့ နှစ်ယောက်တည်းစကားတွေဝိုင်းဖွဲ့လို့။ ကျွန်တော်မေးခွန်းတွေတရစပ်မေးဖြစ်ပါတယ်။ သူ့အဖြေစကားတွေက ရိုးရှင်းတယ်။ ပွင့်လင်းတယ်။ သူဟာ ဂီတနဲ့ ပတ်သက်ပြီး စေတနာကြီးမားခဲ့သူပါ။
သူရဲ့အဖြေစကားတေါက ပွင့်လင်းလာတာနဲ့အမျှ ကျွန်တော့်အသံဖမ်းကက်ဆက်ခလုတ်ပိတ်ပစ်လိုက်ပါတယ်။ မြန်မာဘီယာပုလင်းတွေက တချို့ကငုတ်တုတ်၊ တချို့ကလှဲလျောင်း၊ အတော်များများကတော့ ခန္ဓာကိုယ် ဗလာကျင်းလို့။
မြန်မာသီချင်းကြီးတွေ၊ ယိုးဒယားတို့၊ ကြိုးတို့ သုတေသနလုပ်ဖို့ ကြိုးစားနေတာတွေ၊ သူအကြိုက်ဆုံး တေးရေးဆရာက ရွှေတိုင်ညွှန့်ဆိုတာတွေ၊ ဟစ်ဟော့ပ်နဲ့ပတ်သက်ပြီး မေးမြန်းရာမှာ မယ်လိုဒီပါမှ ဂီတလို့သတ်မှတ်နိုင်တာတွေ၊ လက်ရှိကာလပေါ်ဝတ္ထုများရဲ့ ကျန်းမာရေး၊ ရုပ်ရှင်သီချင်းများအကြောင်း။
ည ၁၁ နာရီကျော်မှ သူပြန်သွားပါတယ်။ သူနဲ့ ကျွန်တော်တို့ရဲ့စကားလုံးတွေကို “အင်တာဗျူး”လို့ တံဆိပ်ကပ်မယ်ဆိုရင် ထူးအိမ်သင်နဲ့ ရ နာရီ အင်တာဗျူးလို့ အမည်ပေးလိုက်ချင်ပါတယ်။
ရာဇဝင်ဟောင်းများရဲ့ သင်္ချိုင်း
ရာဇဝင်သစ်တို့မွေးဖွားရာ
ရွှေရောင်နေ့သစ်များအတွက်
ရင်ခုန်သူတို့ရဲ့ သီချင်းတွေ
ပျိုမြစ်စိမ်းလန်းရေးအတွက်
ယုံကြည်သူတွေ အသက်နဲ့
ထုဆစ်ခဲ့တဲ့ အိပ်မက်များ ဧရာဝတီ
ကျွန်တော်မိန်းမယူတော့မယ်လို့ သူ့ကိုသတင်းပေးတော့ သူ့ထုံးစံအတိုင်းတညှင်းညှင်းရယ်လို့။ ချောက်ကြီးထဲ ခုန်မချပါနဲ့လို့ ချောက်ထဲကလူက အော်ပြောတော့ အပေါ်ကလူက မယုံဘူး။ ဟင်.. သူကျတော့ ချောက်ထဲခုန်ချပြီး သူများကျတော့ တားတယ်ဖြစ်ဦးမယ်။ ခုန်သာချ။ ခုန်သာချတဲ့။ ၂၀၀၄ ခုနှစ်နှစ်ဆန်းပိုင်းရဲ့ နောက်ဆုံးတွေ့ဆံခြင်းပါပဲ။
သီချင်းငှက်ရဲ့ ကောင်းကင်ခရီးမှာတော့ သူ့ပရိသတ်တွေရာထောင်ချီလို့။ ဝမ်းနည်းကြေကွဲခြင်းပန်းခြင်းတွေ၊ ပန်းစည်းတွေ တောင်ပုံရာပုံ။ သူ့အချစ်ဆုံး ပုသိမ်သားတွေ၊ ဂီတအသိုက်အဝန်းတွေ၊ စာပေလောကသားတွေ၊ သူ့ပရိသတ်တွေ.. သူ့ပရိသတ်တွေ။ သူ့အုတ်ဂူလေးနဲ့ ဆရာကြီး မင်းသုဝဏ်ရဲ့ အုတ်ဂူက ယှဉ်တွဲလျက်။
ကျော်မြင့်လွင်၊ ဘဲဥ၊ ကိုရှပ်၊ ကိုငှက်၊ ထူးအိမ်သင် ငါးမည်ရသီချင်းငှက်က ကောင်းကင်မှာ လေဟုန်စီးနေဆဲ။
ဂစ်တာသံတွေရယ် ကိုယ်သီဆိုနေမယ်
ရင်ကို ခုန်စေတဲ့သီချင်းရယ်
အမှောင်မှာအသာအယာနားစွင့်ခဲ့သူဟာ
ခင်တွယ်နေမှာပါပဲကွယ်
အရင်းနှီးဆုံးနှလုံးသားများနဲ့
နားလည်နေခဲ့လည်း…. အခုတော့ကွယ်

လွမ်းဝေနိုင်