ဓာတ်ပုံသမားတစ်ယောက်ရဲ့ မထင်မှတ်အကြောင်း – ဝဏ္ဏခွာနီး

ဓာတ်ပုံသမားတစ်ယောက်ရဲ့ မထင်မှတ်အကြောင်း – ဝဏ္ဏခွာနီး

… ဓာတ်ပုံသမားတစ်ယောက်ရဲ့ မထင်မှတ်အကြောင်း …

ကျွန်တော် ဓာတ်ပုံရိုက်နေသည်။
ကလင် .. ကလင် ..။
“ဟုတ်ကဲ့ .. ပြောပါ” ၊
“ဝဏ္ဏ .. ငါပါ .. ငှက်ကြီး” ၊
“ဟုတ်ကဲ့ .. အစ်ကို” ၊
“ငါ မနက်ဖြန် ဓာတ်ပုံရိုက်မယ်၊ ဦးသန်းလွင်အတွက်”၊
“ဟုတ်ကဲ့”၊
“မနက်ဖြန် တခြားဘယ်သူ့ကိုမှ မရိုက်ရဘူး။ ငါတစ်နေကုန်ရိုက်မယ်။”
ဂလောက် .. ဂလောက်။ တယ်လီဖုန်းချလိုက်သည်။ ကျွန်တော် စဉ်းစားရပါသည်။ အစ်ကို့ဖုန်းသံစကားထဲမှာ ဟိ.. ဟိ ရယ်သံပါလို့နေသည်။ နောက်တစ်နေ့ နံနက် ၁ဝ နာရီမှာ ဖုန်းဆက်ပြန်ပါသည်။
ကလင်.. ကလင်..
“ဝဏ္ဏရေ.. ငါစီးတီးမတ်မှာ ရောက်နေပြီ၊ မင်းလာခဲ့”
ကျွန်တော်စီးတီးမတ်ကို လိုက်သွားရပါသည်။ အဲသည်ရောက်တော့ ဂျော်နီလမ်းလျှောက်တစ်ပုလင်း၊ ဖန်ခွက်နှစ်ခွက်၊ စီးကရက်တစ်ဘူးဝယ်ပြီး ကျွန်တော်တို့ စတူဒီယိုကို ပြန်လာခဲ့ကြပါသည်။ ဓာတ်ပုံမရိုက်ခင် နှစ်ယောက်သား ရေချိန်ကိုက်လိုက်သည်။ ဂလု.. ဂလု။ ကျွန်တော့်အဖွဲ့သားတွေက ဓာတ်ပုံရိုက်ဖို့ စောင့်လို့နေသည်။ ကျွန်တော်နှင့် ကိုငှက်ကြီးတို့ကတော့ သီချင်းများ၊ ကိုရီးယားရုပ်ရှင်၊ ဘောလုံးပွဲများ၊ ရုပ်ရှင်များ…။ ဂလု.. ဂလု.. သောက်လိုက် ပြောလိုက်နှင့် နေ့လယ်နှစ်နာရီထိုးသွားသည်။ ထို့နောက် သုံးနာရီ။ ဂျော်နီလည်း လမ်းလျှောက်ရတာ ခရီးတော်တော်ရောက်ပြီ။ ကိုငှက်ကြီးကို သူဝတ်လာသည့် အဝတ်အစားအတိုင်း ဓာတ်ပုံရိုက်လိုက်သည်။ ဖျပ်.. ဖျပ်.. ချက်.. ချက်။ ဆလိုက် ၁ဝ ပုံနှင့် ဖလင် ၃၈ ပုံကို ၁၅ မိနစ်ခန့်ကြာပါသည်။
“ငါက ဓာတ်ပုံရိုက်ဖို့ ဝန်လေးတတ်တယ်ကွ၊ ဒါမျိုးရိုက်ချင်တာမဟုတ်ဘူး။ ဝဏ္ဏရ၊ သဘာဝကျကျ ဓာတ်ပုံမျိုးပဲ ရိုက်ချင်တာ။ Liveသဘောမျိုးပေါ့ကွာ။”
ထို့နောက် ဖျပ်..ဖျပ်.. ချက်..ချက်။ ဓာတ်ပုံရိုက်တာ လေးနာရီထိုးသွားပါသည်။ ကိုငှက်ကြီးကို သည်လိုဓာတ်ပုံရိုက်ရတာ ကျွန်တော့်ဘဝအတွက် မမေ့နိုင်စရာဖြစ်လိမ့်မည်ဟု မထင်။
ဒေါက်.. ဒေါက်။
ကျွန်တော့် အခန်းတံခါးကိုလာခေါက်သည်။ တံခါးဖွင့်တော့ ကိုငှက်ကြီးရဲ့ သူငယ်ချင်း ကိုကြွက်နီ။
ဘာ.. ဘာ ! ! ! ကိုငှက်ကြီးဆုံးပြီ။
ခွင့်လွှတ်ပါ။ အစ်ကိုငှက်ကြီးရဲ့ ဈာပနာမှာ ကျွန်တော်အလုပ်ကိစ္စနှင့် ရေခြားမြေခြားရောက်လို့နေပါသည်။ အဝေးကလွမ်းရင်း ဆုတောင်ရုံမှတပါး ကျွန်တော်ဘာများတတ်နိုင်မှာလဲ။ ဘဝ၏ မမေ့နိုင်စရာတော်တော်များများထဲမှ မေ့နိုင်စရာတစ်ခုကို ကျွန်တော်မှတ်တမ်းထဲမှာ ရေးထိုးပါတော့မည်။ ထိုမှတ်တမ်းကတော့ ဓာတ်ပုံရိုက်ဝါသနာမပါသော ကိုငှက်ကြီးကို ကျွန်တော့်စတူဒီယိုထဲမှာ ဓာတ်ပုံတွေအများကြီးရိုက်ရင်း၊ စကားပြောရင်း ရှိခဲ့သော နေ့တစ်နေ့ပင် ဖြစ်ပါသည်။
လွမ်း .. လွမ်းလို့သာနေဦးမှာပါ ကိုငှက်ကြီးရေ။

ဝဏ္ဏခွာနီး