ကိုငှက်ရေ – မေငြိမ်း

ကိုငှက်ရေ – မေငြိမ်း

… ကိုငှက်ရေ …

အဲဒီနေ့မှာ…

ဂီတအတွက်သာ တစိုက်မတ်မတ် သက်ဝင် ရှင်သန်ခဲ့တဲ့ မှော်ဆရာ…
လာရာလမ်းကို ပြန်သွားခဲ့တယ်။
၁၄ ဩဂုတ်။ ထူးအိမ်သင် ကွယ်လွန်ခြင်း(၃နှစ်ပြည့်)
အဲဒီနေ့မှာ..
သူ့ နာမ ဂုဏ်ကျက်သရေက တောက်ပသလောက်
သူ့အိမ်လေးကတော့ဖြင့် ထူးထူးခြားခြား တောက်ပ ထည်ဝါတာမျိုး ရှိမနေပါ။
တကယ့် ပကာသနနဲ့ ဝေးစွာ..။
ဂီတနဲ့ ပတ်သက်သမျှတွေသာ ချမ်းသာလေတယ်။
အဲဒီနေ့က
သူ့အိမ်မှာ ရောက်နေကြတဲ့သူတွေ အားလုံး ငေးငေးငိုင်ငိုင်။
စိတ်ထဲမှာ သူ တကယ် ကွယ်လွန်ခဲ့ပြီဆိုတာကို
ဘယ်သူမှ အလွယ်တကူ လက်မခံနိုင်ကြသေးတဲ့အချိန်။
သွယ်သွယ့် ခမျာ ပိုဆိုးပေါ့..။ အိပ်မက်မက်နေသလိုပဲ…တဲ့။
မိထောလေးကိုတွေ့တော့မှ ပို စိတ်ထိခိုက်စရာကောင်းတာ။
သမီးလေးခမျာ ငယ်သေးတယ်..။ ပြီးတော့ သူနဲ့ သိပ်တူတာ။
၁၄ ဩဂုတ်။ ထူးအိမ်သင် ကွယ်လွန်ခြင်း(၃နှစ်ပြည့်)
သမီးလေးသာ သူနဲ့ ကြာကြာ နေခွင့်ရရင် ဂီတအမွေ ကောင်းကောင်း ရမှာ။
ဘာပဲဖြစ်ဖြစ် ..စောလွန်းလှပါသေးတယ်.. ကိုငှက်ရယ်…။
သူ့ ဈာပနနေ့ မှာတော့
အံ့ဩတုန်လှုပ်စရာကောင်းလောက်အောင် များပြားတဲ့ လူအုပ်ကြီး။
သူသာရှိနေရင်လည်း အံ့ဩမှာ ထင်ပါရဲ့။
ပြီး … ညစ်တစ်တစ်ပုံနဲ့ ရယ်ချင်ရယ်ဦးမှာ..။
ရုပ်ရှင်မင်းသားလည်း မဟုတ်။ ရှိုးလည်း မထုတ်။
စတိုင်ကလည်း မလှ။ အပြောကလည်း မချို…။
၁၄ ဩဂုတ်။ ထူးအိမ်သင် ကွယ်လွန်ခြင်း(၃နှစ်ပြည့်)
မသိရင် အင်မတန် အေးတိအေးစက်နိုင်တဲ့ လူ။
ပီယဝါစာ ဘာညာသာရကာလည်း မပြောတတ်။
(ကျမဆိုရင်..သူနဲ့ လေးလေးနက်နက် ခေါင်းစဉ်တွေ ပြောဖြစ်တဲ့အခါဆို သူ့အတွေးအခေါ်တွေကြောင့် သူ့ရှေ့မှာ ကိုယ့်ကိုယ်ကို ဘာမှ နားမလည်တဲ့ သေးသေးလေးလို့ ခံစားရတာမျိုးတောင် ခဏခဏ ဖြစ်ဖူးတာ)
စိတ်မထင်ရင် မထင်သလို ပိုးစိုးပက်စက်က ပြောတတ်သေး..။
ဒီကြားထဲ သီချင်းအထွက်ကလည်း ကျဲသေး။
အင်တာဗျူးတွေလည်း များများစားစား လက်မခံ။
ခုန်ပေါက် မြူးတူး ပေါ့ပါး ကြွေးကြော်ရတဲ့ ဂီတပွဲမျိုးတွေလည်း မဆို။
ကြည့်ပါဦး…အဲလို အဆိုတော်မျိုး။ တော်ရုံ ဘယ်လို ချစ်မှာလဲ..ပရိသတ်က..။
ဒါပေမဲ့..
အဲဒီနေ့မှာ
သူ့ မိသားစုတွေနဲ့ သူငယ်ချင်းနည်းနည်းလေးက လွဲလို့
သူ့ ရုပ်ကလပ်ကို ဘယ်သူမှ မမြင်လိုက်ရတော့ပါ။
သေချာ စင်တင် ပြင်ဆင်လို့ မရလောက်အောင်ကိုပဲ များပြားလှတဲ့
ပရိသတ်ထုကို ရှင်းလင်းဖယ်ရှားလို့ မရခဲ့။
သူ့အချစ်ဆုံးသူငယ်ချင်းတချို့တောင်
သူ့ကို ကြည့်ခွင့် နှုတ်ဆက်ခွင့် မရလောက်အောင်
ပရိသတ်က တိုးမပေါက်ခဲ့။
အဲဒီနေ့က မိုးရွာရွာအောက်မှာ …
လူမစည်ကားအပ်ဆိုတဲ့ နေရာမှာ လူတွေ ကျိတ်ကျိတ်တိုး..။
သူ့ကို နောက်ဆုံးအနေနဲ့ မြင်ချင်လို့ပါဆိုတဲ့.. ပရိသတ်တွေ။
သူ့ရဲ့ အထိမ်းအမှတ် ဂူနေရာထိအောင် လူတွေ ဖွေးနေခဲ့တာ။
အဲဒီနေ့မှာ
သူ့ကိုချစ်တဲ့ (သူတောင် သိချင်သိမယ့်)ပရိတ်သတ်ထဲက
ယောက်ျားလေးတွေ တရှုံ့ရှုံ့ငိုနေတာကို တွေ့ရတာက ပို စိတ်ထိခိုက်စရာ..။
မိသားစုတွေအပါအဝင် ကျမတို့က.. သွေးသားရင်းချာ သူငယ်ချင်းဆိုတဲ့ စိတ်ခံစားချက်တွေနဲ့ ပူဆွေးတာ။ အဲဒီ လူငယ်လေးတွေကတော့ သူ့ဂီတ (သူ့ မေတ္တာ စေတနာ)တွေ အပေါ် တန်ဖိုးထားမှုနဲ့ နှမျော တ သ ကြတာ။ Hip Hop သီချင်းတွေ ဆိုတဲ့ လူငယ်လေး နှစ်ယောက်လည်း ငိုလို့။ တယောက်က တဖွဖွ ရွတ်နေတာ.. ဆို့ဆို့နစ်နစ်ကြီး.. သွားပြီ.. သွားပြီ.. တဲ့။ ကျမနားထဲ အဲဒီ ကြေကြေကွဲကွဲ ရေရွတ်နေသံကို ခုထိ ကြားနေ မိ တယ်။ တကယ့်ကို ယူကျူံးမရတဲ့ တ သ သံ။ အဲဒီ အဆိုတော်လူငယ်လေးရဲ့ မျက်ရည်စွန်းပေနေတဲ့ တီးတိုး ရေရွတ်သံထဲမှာ ထူးအိမ်သင်ရဲ့ တန်ဖိုးကို ကျမ တွေ့နေရပါတယ်။
ဂီတနဲ့ ပတ်သက်ရင် မာနကြီးသလောက် ဇော လည်း အင်မတန်ကြီးတဲ့ သူ။ လူငယ်တွေအပေါ် စေတနာ ကြီးတဲ့ သူ။ ဂီတနဲ့ ပတ်သက်ရင် ဘယ်သူ့ကိုမဆို အချိန်အခါ မရွေး ကူညီပေးတတ်တဲ့ သူ။ သူ့ကိုယ်သူ ဂုဏ်တင် ပြောတာမျိုး တခါမှ မလုပ်ဖူးတဲ့ သူ။ စာဖတ်နာသလောက် စာနှံ့လွန်းတဲ့ သူ။ ဂီတလောကမှာ တိတ်တိတ် ဆိတ်ဆိတ် နဲ့ပဲ လမ်းတွေ အစင်းစင်းဖောက်… မှတ်တိုင်တွေ အတိုင်တိုင် စိုက်ခဲ့သူ။
အဲဒီ တိတ်ဆိတ်တဲ့ အသံရဲ့ မြည်ဟီးပဲ့တင်မှုက သုံးနှစ်ကြာခဲ့ပြီဖြစ်တဲ့ ခုချိန်ထိ..
ပြင်းပြ ကျယ်လောင်ဆဲ….
သူဟာ ကဗျာမြေကြီးရဲ့ သီချင်းလေးတစ်ပုဒ်ပေါ့။
ဒီလို ရှင်သန်နေထိုင်ရင်းနဲ့ ပေးဆပ်ရင်း ပေးဆပ်ရင်းးးး..
အမေ… သူ့ကို ခွင့်လွှတ်တော့။
၁၄ ဩဂုတ်။ ထူးအိမ်သင် ကွယ်လွန်ခြင်း(၃နှစ်ပြည့်)
ကျမတို့ နောက်ထပ် မှော်ဆရာတစ်ယောက် တော်တော်နဲ့ ထပ် မရနိုင်တော့ပါ။
နှမျောလိုက်တာ……..ကိုငှက်ရေ…။

မေငြိမ်း

(၁၄ ဩဂုတ် ဝ၇)
ဆရာမ မေငြိမ်း၏ blog မှ ပြန်လည် ကူးယူ ဖော်ပြသည်။