မြစ်မင်းတွေကို ချစ်ခြင်းဖွဲ့လေသူ မှော်ဆရာတစ်ယောက်ရဲ့ ရာဇဝင် – သိမ်းတင်သား

မြစ်မင်းတွေကို ချစ်ခြင်းဖွဲ့လေသူ မှော်ဆရာတစ်ယောက်ရဲ့ ရာဇဝင် – သိမ်းတင်သား

… မြစ်မင်းတွေကို ချစ်ခြင်းဖွဲ့လေသူ မှော်ဆရာတစ်ယောက်ရဲ့ ရာဇဝင် …

ညသည် သန်းခေါင်ယံသို့ ဖြေးဆေးစွာ ချဉ်းကပ်နေ၏။
မြစ်တစ်စင်းသည်ကား သဘာဝတရား၏အလိုအတိုင်း တိုးတက်လာနေသည့် ဒီရေတို့ကို မငြင်းမဆန်လက်ခံနေလေသည်။ မြစ်ရေတို့ တဖြည်းဖြည်းတက်လာလေပြီ။ “သံလွင်မြစ်” ကမ်းဘေးက သန်းခေါင်ယံသို့ချဉ်းကပ်နေတဲ့ည။
သံလွင်မြစ်ကမ်းဘေးတွင်မူ စွန့်ပစ်ခံရရှာသော သင်္ဘောပျက်ကြီးတစ်စင်းကား မတည်မြဲခြင်း၏ သင်္ကေတအလား အသက်မဲ့လျက်ရှိလေသည်။ အဆိုပါ သင်္ဘောပျက်ကြီးနှင့် သံလွင်မြစ်ကမ်းသို့ဆက်သွယ်ထားသည့် “ကုန်းဘောင်” ပြားဟုပညတ်ပြုအပ်သော သစ်သား တံတား ပျဉ်ချပ်လေးပေါ်တွင်မူ မျှော်လင့်ရင်ခုန်ခြင်းများ၏ ပြတ်စဲရပ်ဆိုင်းခြင်းကို ခံခဲ့ရပြီး ဘဝနှင့်ဆန္ဒ ဆက်စပ်၍မရနိုင်ရှာတော့သည့် လူငယ်တစ်ဦး။
“ကံကြမ္မာ၏စီရင်ခြင်း” ကိုခံယူရန်အသင့်ဖြစ်နေသည့် စိတ်ကျနေသော လူငယ်လေး သည်ကား သေရည်အိုးထဲစိတ်အဆာပြေလိုငြား ကူးခတ်ခဲ့ပြီး လက်ပန်းကျနေခဲ့လေသည်။ သို့သော် သူ့နှလုံးအိမ်ထဲမှာတော့ မိခင်ကိုချစ်ခင်ခြင်းများက မမောတမ်းမပမ်းတမ်း ကုန်း ဘောင်ပျဉ်ချပ်လေးမှသည် စကြဝဠာအထိ ပျံ့လွင့်နေခဲ့လေသည်။
သံလွင်မြစ်ကမ်းဘေးတွင်တော့ လူငယ်လေး၏ မိတ်ဆွေတစ်စုသည်ကား သူတို့ မိတ်ဆွေ၏ “ကံကြမ္မာစီခန်း” ကို အသိရှိရှိဖြင့် မလှုပ်မယှက် ကြည့်နေခဲ့ရရှာ၏။ “ကြည့်ချင်ပွဲ”မဟုတ်ဘဲ ကြည့်နေရုံမှတစ်ပါး သူတို့ဘာမှဝင်စွက်ဖက်ခွင့်မရှိချေ။
ညဉ့်သည် နက်သည်ထက် နက်လာသလို မြစ်ရေသည် မြင့်သည်ထက် မြင့်လာခဲ့ပြီ။
“မင်းတို့ငါ့အမေကိုလုံးဝမပြောရဘူး” ဟူသည့် လူငယ်၏အမိန့်အား သူတို့ မလွန် ဆန်နိုင်ကြသည်ပဲ။
“ဘယ်သူမှမလာကြနဲ့၊ ခင်ဗျားတို့လာရင်ကျုပ်ခုန်ချလိုက်မယ်” ဆိုသည့် တိကျပြတ် သားသည့် သူ၏သေရည်များနှင့် လိမ်းကျံထားသော အဆုံးစွန်ှဆန္ဒကို သူတို့ လိုက်လျောရ တော့မည်လား။ သင်္ဘောပျက်ဆက်တင်ဘေးတွင် လူငယ်တစ်စုထိုးဇာတ်တစ်ခု ကပြနေ ကြခြင်းတော့မဟုတ်ချေ။ တကယ့်ဖြစ်ရပ်မှန်။ ကံကြမ္မာ၏ဇာတ်ညွှန်းသည်ရုတ်ချည်းပြောင်း လဲခဲ့လေသည်။
“အန်တီ…မသွားပါနဲ့၊ ရေတက်လာပြီး၊ အန်တီကျသွားလိမ့်မယ်”
ပါးလှပ်သောခန္ဒာကိုယ်နှင့်သားဇောကပ်နေသည့်မိခင်တစ်ဦးမှာမူ ဘာကိုမှသတိမမူ တော့။ သင်္ဘောပျက်ကြီးဆီသို့ ကုန်းဘောင်ပျဉ်ချပ်ပြားလေးမှတစ်ဆင့် တွားသွားနေချေပြီ။
သူမအနေဖြင့်မတ်တပ်မရပ်ဝံ့လောက်အောင်ပင်သားဇောကားဖိစီးလေးလံနေသည်ပဲ။ သား သည် သူ့အတွက် စကြဝဠာ။
“သား…”
“ဟင်…အမေ”
“ငါ့အမေကို မင်းတို့သွားမပြောနဲ့ဆိုတာ မင်းတို့သွားပြောတယ်ပေါ့လေ”
“သား…လာပြန်စို့…ရေတက်နေပြီ…အမေနဲ့လိုက်ပြန်စို့”
“အမေပြန်နှင့်…သားလိုက်ခဲ့မယ်”
သူ့သားသည် ကတိတည်သူ၊ စိတ်အင်အားကောင်းပြီး သူမလုပ်နိုင်တာကို ဘယ် တော့မှမပြောတတ်သည်ကိုအမေသိသည်။ ကမ်းပေါ်မှပြန်စောင့်ရန် မိခင်အိုတွင် ခွန်အားမဲ့ သွားခဲ့ရှာပြီ။ ဤတွင် သားကအမေကို လက်တွဲလျက် ခက်ခဲစွာ ပြန်ခေါ်လာရတော့သည်။ ဤသို့ဖြင့် သူ့မိခင်အားသွားရောက်အကြောင်းကြားခဲ့ကြသည့်မိတ်ဆွေများအဖို့လည်း သူ၏ ပြစ်တင်ဆဲဆို ကြိမ်းမောင်းသံများမှဝေးရာသို့ စိတ်လက်ပေါ့ပါးစွာပြန်လာနိုင်ခဲ့လေတော့သည်။
သံလွင်သည် “ကံကြမ္မာ၏စီးနင်းခြင်း” ဟူသည့် ထိုးဇာတ်ကို ပြီးဆုံးအောင်မကပြနိုင်ခဲ့ ပါချေ။
“သား…သား ဘာဖြစ်ချင်သလဲ”
“သားဖြစ်ချင်တာကို ဖြစ်စေရမယ်”
ပါးလှပ်သွယ်လျသော မိခင်အိုသည် သူ၏သွေးများဖြင့် ဖွဲ့စည်းဖြစ်တည်လာရရှာသူ သူချစ်သောသားကြီးအား စိတ်ခွန်အား၊ ရုပ်ခွန်အားများ သူမတတ်နိုင်သည်ထက်ပို၍ဖြည့် စည်းပေးမည်ဖြစ်ကြောင်း ကတိပြုခဲ့ရှာလေသည်။
“သန်းခေါင်ထက်ပို၍ညဉ့်မနက်တော့ပြီ”ဟ “အဆုံးစွန်သော စွန့်လွှတ်ခြင်း” ကျဆုံးခြင်း များကိုနောက်ချန်ရစ်ကာ မနက်ခင်း အရုဏ်ဦးတွင် မျှော်လင့်ဖူးပွင့်လာတော့မည့် သီချင်း ပန်းပွင့်များအတွက် လူငယ်သည်မြစ်၏တေးသွားနှင့်တေးကဗျာတို့အား အချိုးညီပေါင်းစပ် ခဲ့လေသည်။
“မြစ်တစ်ခုလို အချိန်များစီးဆင်းဆဲ…လူ့ဘဝကို တို့ရရှိခဲ့တယ်”
“လောကမှာ ကိုယ်အသက်ဆက်ဖို့အတွက် တခြားဘဝတွေ ဆုံးရှုံးမသွားဖို့ပဲ”
အဆိုပါ သားအမိ၏ “သံလွင်ဖြစ်စဉ်” သည်ကား တကယ့်မှန်ကန်သော ချစ်ခြင်း မေတ္တာဘွဲ့မဟာဖြစ်ကြောင်း မိခင်အိုဒေါ်မြရင်ကိုယ်တိုင်ပြန်လည်ပြောပြခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါ လူငယ်လေးမှာ ကိုကျော်မြင့်လွင်(ခေါ်) ကဗျာရေးသူ သျှပ်မှူးကျော်၊ ချစ်ကိုယ်တွေ့ ဖွဲ့ခဲ့သည့် “လင်းထက်”ဖြစ်ပါသည်။
မြန်မာနိုင်ငံတော်တွင် လူဦးရေအထူထပ်ဆုံး၊ လူနေမှုအသိပ်သည်းဆုံး တိုင်းဒေသ ကြီးဖြစ်ရုံမက မြန်မာနိုင်ငံ၏ စပါးကျီကြီးဖြစ်သည့် ဧရာဝတီတိုင်း၏မြို့တော် “ပုသိမ်”ကား သေးသလောက်ခမ်းနားကြီးကျယ်သည့် သမိုင်းစဉ်ထုထည်ထူထူဖြင့် အေးဆေးပျင်းရိနေ လေသည်။ “ငဝန်”မြစ်ကြီးသည်မြို့ကိုနှစ်ခြမ်းခွဲကာရထားတို့ကိုရပ်တန့်ပစ်လိုက်သည်။ မော် တော်ကားတို့ကို ပင်လယ်အထိခေါ်သွားသည်။ ပင်လယ်ကူးသင်္ဘောကြီးတို့အတွက် လှိုင်း လေငြိမ်ရာ ကျွန်းရိပ်သာလမ်းဆုံးမြို့ကြီးဖြစ်သောပုသိမ်သည် လူပျင်းများစွာ (အထူးသဖြင့်) အနုပညာရှင်၊ အတတ်ပညာရှင်၊ ဉာဏ်ကြီးရှင်တို့ကို ဂုဏ်သရေရှိစွာ မွေးထုတ်ပေးခဲ့လေ သည်။
၁၉၅၈ ခုနှစ်တွင် မွန်တို့ဌာန ရာမညမှ ဧရာဝတီတိုင်း ပုသိမ်သို့ ကျန်းမာရေးပညာ အရာရှိ ဦးထွန်းမြင့်အမည်ရှိ နိုင်ငံဝန်ထမ်းတစ်ဦး ရောက်ရှိလာခဲ့လေသည်။ သံလွင်မြစ်ဝှမ်း သားတစ်ဦးအား“ငဝန်”သည် လက်ခံလိုက်လေသည်။ နောက် ခုနစ်နှစ်အကြာ ၁၉၆၁-၆၂ ခုနှစ်တွင် ဒေါ်မြရင်အမည်ရှိသံလွင်သူ၊ သူနာပြုဆရာမလေးတစ်ယောက်သည်လည်း ပုသိမ် သို့ တာဝန်ထမ်းဆောင်ရန် ရောက်ခဲ့ရပြန်သည်။ ကျန်းမာရေးဋ္ဌာန ဝန်ထမ်းနှစ်ဦးဖြစ်သည့် ဦးထွန်းမြင့်နှင့် ဒေါ်မြရင်တို့သည် ၁၉၆၂ တွင် နိုင်ငံ့တာဝန်သာမက နှလုံးသားတာဝန်ကိုပါ နှစ်ဦးသဘောတူ ပုသိမ်တွင်ထူထောင် ထမ်းဆောင်ခဲ့ကြလေသည်။
သမိုင်းခေတ်တစ်ခု၏စပ်ကူးမတ်ကူးကာလဖြစ်သောထိုအချိန်က ပုသိမ်တွင်ပုဂ္ဂလိက ပိုင်ဆေးတိုက်ကြီး ၂ ခုရှိခဲ့သည်။ ပုသိမ်ဆေးရုံကြီးမှအထက်တန်းသူနာပြုဆရာမကြီး Sister ဒေါ်သန်းစိန်နှင့် ခင်ပွန်းသည်ဆရာဝန်ကြီး ဒေါက်တာဖာတားတို့၏ဆေးတိုက်ကြီးနှင့် ဆရာ ဝန်ကြီး ဒေါက်တာအယ်လ်ဖောင်၊ ဒေါ်နွေးတို့၏ဆေးတိုက်ကြီးတို့ပင် ဖြစ်သည်။
ဦးထွန်းမြင့်၊ ဒေါ်မြရင်တို့၏ ရင်နှစ်သည်းခြာ သားရတနာဖြစ်လာသည့် သားကြီး ကိုသန်းထွန်းစိုးအား ပုသိမ်မြို့၊ ဘန့်ဘွေးကုန်းရပ်ရှိဒေါက်တာဖာတား၏ဆေးတိုက်ကြီးတွင် ၁-၇-၁၉၆၃ ခုနှစ်တွင်မွေးဖွားခဲ့၏။ ပုသိမ်တွင် အချင်းမြှုပ်ခဲ့သည်။ ကိုသန်းထွန်းစိုး (ခေါ်) ကိုကျော်မြင့်လွင်အား “ငဝန်” သည် လက်ခံရရှိခဲ့ပြီးသူကတော့ ကမာ္ဘကျော် ဒသနပညာရှင် “ဟိုက်ရာကလီတပ်စ်”၏ “သူသူငါငါ မြစ်တစ်စင်းထဲတွင် ရေနှစ်ခါမချိုးနိုင်” ဟူသော ဒသနကို “ငဝန်”ထံမှ ရရှိကာ “ကမာ္ဘမြေပြင်အတွက် သီချင်းလေးတစ်ပုဒ်” ဖြစ်လာခဲ့လေသည်။ ငယ်နာမည် ကိုဘဲဥဟုအမည်တွင်သောသူ့သားကြီးမောင်မောင်ဘဲဥ လသားတွင် ဝန်ထမ်း တို့၏ သဘောသဘာဝအရသူ့မွေးရပ်မြေ“မော်လမြိုင်”သို့ပြောင်းရွှေ့ခွင့်ရခဲ့သည်ဟု ဒေါ်မြရင် က ပြောပြသည်။
“သားသား ၂ နှစ်သားမပြည့်ခင်မှာပဲ တို့ပုသိမ်ကိုပြန်ရောက်ရပြန်တယ်၊ တို့က Posting ပြန်ရပေမယ့် သူ့အဖေကပုသိမ်ကနေပြောင်းလို့မရဘူးလေ၊ ဒါနဲ့ပဲတို့တွေ ပုသိမ်မှာ မြဲသွားခဲ့ရတော့တာပဲ။ ကျန်တဲ့ကလေးတွေလည်းပုသိမ်မှာပဲမွေးခဲ့ရတော့တာပေါ့” ဟု အရီး ဒေါ်မြရင်က ပြောပြသည်။ သားကြီးဩရသ သားကြီးမောင်မောင်ဘဲ(ဘဲဥ)အား ဒေါက်တာ ဖာတား၏ ဆေးတိုက်ကြီးတွင် မွေးဖွားခဲ့သော ဦးထွန်းမြင့်၊ ဒေါ်မြရင်တို့ ဇနီးမောင်နှံသည် ကျန်သည့်သူတို့သားသမီးများအား သူတို့မိသားစုအခြေပြုရာ ပုသိမ်မြို့ပြည်တော်သာတိုက် တန်းတွင် မွေးဖွားခဲ့ကြသည်ဟုဆိုသည်။ သူတို့၏ သမီးကြီး မိမိုး၊ သားဉာဏ်ဉာဏ်၊ သမီး မိတောက်တို့ကို ဝမ်းဆွဲဆရာမကြီးဒေါ်အုန်းမြကမွေးဖွားပေးခဲ့ပြီး နို့ညှာသားအောင်အောင် ကိုတော့ ဆရာမကြီးနန့်တင်မေအေးကမွေးဖွားပေးခဲ့သည်ဟု အရီးကပြောပြသည်။ သူတို့ မိသားစုအတွက် အထွေးဆုံးသား မောင်ဆုကိုတော့ ပုသိမ်တိုင်းဆေးရုံကြီးတွင် သားဖွား မီးယပ်ဆရာဝန်ကြီး ဒေါက်တာဦးမောင်မောင်ကိုယ်တိုင် မွေးဖွားပေးခဲ့သည်ဟု ဆိုသည်။
ကိုကျော်မြင့်လွင်မှ အစပြု၍ သူတို့ တစ်အူထုံဆင်းမောင်နှမအားလုံး ပုသိမ်သား စစ်စစ်၊ ပုသိမ်ဇာတိများဖြစ်ခဲ့ကြလေသည်။
ဝန်ထမ်းသားသမီးများအတွက်များသောအားဖြင့် ဘဝဖြတ်သန်းမှုအစသည် နေ့က လေးထိန်းကျောင်း (ဝါ) မူကြိုကျောင်းဖြင့်စတင်ခဲ့ကြရသည်သာများပေသည်။ မိဘနှစ်ပါးက ဝန်ထမ်းများဖြစ်ရကား သူတို့ကိုထိန်းကျောင်းဖို့ မည်သူက တာဝန်ယူပါမည်နည်း။ အထူးသ ဖြင့် တစ်ရပ်တစ်ရွာက လာရောက်အခြေချနေထိုင်သူများအဖို့ ကြီးစွာသော အခက်အခဲ ဖြစ်ရလေသည်။ ၁၉၆၃ ခုနှစ် အတိုင်မီကာလက ပုသိမ်တွင် နေ့ကလေးထိန်းဌာနတစ်ခုသာ ရှိခဲ့သည်။ ယင်း ဌာနက “လစာနည်း” ဝန်ထမ်းများ၏ သားသမီးများကိုသာလက်ခံခဲ့သည်။ ဤတွင် မောင်ကျော်မြင့်လွင် (ခေါ်) မောင်ဘဲဥအတွက် ခက်ရချေပြီ။ ဤသို့သော အခက် အခဲကို သူ့ဖင်ဦးထွန်းမြင့်ဦးဆောင်ပြီးဖြေရှင်းခဲ့သည်ဟု ဦးထွန်းမြင့်က ပြန်လည်ပြောပြခဲ့ သည်။
“တို့ ပုသိမ်မှာ…အခု “ထောင်ကုန်းရပ်ကွက်”မှာ ရှိနေတဲ့ “ကိုယ်ထူကိုယ်ထ မူကြို ကျောင်း” အိမ်မည်းကြီးဟာ ငါတို့စထောင်ခဲ့တာပေါ့ကွာ။ ငါရယ်၊ ပုသိမ်တိုင်းဆေးရုံကြီးက ရောဂါဗေဒ ဆရာဝန်ကြီး ဒေါက်တာဦးခင်မောင်၊ သူ့ဇနီး ဒေါ်ခင်ခင်ညွန့်၊ ဘဏ်မန်နေဂျာ ဦးသိန်းထိုက်ရယ်၊ နာမည်မမှတ်မိတော့တဲ့စိုက်ပျိုးရေးမန်နေဂျာတစ်ယောက်ရယ်စုပေါင်းပြီး အဲဒီ ဦးကျော်တင့် (တိုင်းကျန်းမာအငြိမ်းစား) တို့အိမ်နားက အိမ်မည်းကြီးကို သွားငှားခဲ့ ကြတာပဲကွာ…”
“တို့ကပဲ ကော်မတီလုပ်ပြီးစထောင်ခဲ့တာ၊ ဘာလို့လဲဆိုတော့ “ပဒင်းတန်း”က မူ ကြိုကျောင်းက လစာမြင့်တဲ့ ဝန်ထမ်း သားသမီးတွေကို လက်မခံဘူး၊ နောက်ပြီး သား၂ ယောက်ဆိုရင်လက်မခံဘူးကွာ၊ တို့ထောင်တဲ့ကိုယ်ထူကိုယ်ထမူကြိုကျောင်းအတွက်ဆရာမ လိုက်ငှားတော့ ဆရာမကြီးတစ်ယောက်ရတယ်ကွ၊ ဆံထုံးကြီးအကြီးကြီးနဲ့ကွာ… ဆရာမ ဟောင်းကြီးပါ၊ ဒေါ်သန်းအောင်တဲ့ကွ”
ဤသို့ဖြင့်“ထောင်ကုန်းမူကြို” တွင် မောင်သန်းထွန်းစိုး နေခဲ့ရတော့သည်။ မိဘနှစ် ပါးက ပုသိမ်ရှိ ဒေသန္တရဆေးခန်းကြီး၂ခုဖြစ်သည့် “ကုသိန္နာရုံ”ဆေးခန်းနှင့် “တလိုင်း ချောင်း”ဆေးခန်းကြီး များတွင် နေ့စဉ်အလုပ်ဆင်းခဲ့ရပြီး သူတို့သားကြီးကို မနက်ပို့ညနေကြို လုပ်ခဲ့ရပါသည်ဟု ဆိုပါသည်။ အရီးဒေါ်ရင်မြကမူ သူ့သားကြီး၏ ဘဝအစကို တမ်းတစွာ ပြောပြနေပါသည်။
“အဲဒီ ဆရာမကြီးဒေါ်သန်းအောင်ကစလို့ ထောင်ကုန်းမူကြိုကျောင်းက ဆရာမတွေ အားလုံး သူ့ကို “မောင်သန်းထွန်းစိုး” လို့ပဲ ဒီနေ့ထိ သိကြတော့တာ။ “ကျော်မြင့်လွင်” ဆိုပြီး သူတို့မသိဘူး။ တို့ဘကြီး မွန်လူမျိုး ဘုန်းတော်ကြီးက ဇာတာခွင်နဲ့တွက်ချက်မှည့်ပေးတာ မောင်သန်းထွန်းစို… တဲ့၊ အဲဒါ သူ့အဖွား(အဖေ၏အမေ)က “အမလေးတော်…ငါ့မြေးကို သခင် သန်းထွန်းနဲ့ သခင်စိုး၊ ဒီလူကြမ်းကြီးတွေနာမည်တော့ မပေးလိုက်ပါနဲ့ကွယ်” ဆိုပြီး လူကြီးပီပီ ကန့်ကွက်ခဲ့ရာမှ“မောင်ကျော်မြင့်လွင်” ဖြစ်ခဲ့ရသည်ဟု ပြောပြသည်။ အဆိုပါဘုန်းတော် ကြီးကပဲမွန်နာမည် “ပေါ်စွမ်း” ဟုပေးခဲ့ကြောင်းလည်း ပြောပြသည်။ “ဒီကောင်ဟာ လက်ဖျားငွေသီးမယ် ကလေးပဲ၊ ဒါကြောင့် “ပေါ်စွမ်း”လို့ခေါ်ရမယ်ဟု ဆိုခဲ့သည်တဲ့။ “ပေါ်စွမ်း”သည် မွန်ဘာသာဖြင့် “ကိုငွေသီး” ဟု အဓိပ္ပာယ်ရသည်ဟု အရီးက ပြောပြသည်။
သူကတော့ “ပိုက်ဆံတစ်ပြားမှမရှိဘဲ သိက္ခာရှိချင်သေးသတဲ့” ဟူ၍ “အမေ့ရဲ့ ဒုက္ခအိုးလေး” ကို ဖွဲ့သီသွားခဲ့လေသည်။
ငယ်နာမည် ဘဲဥ၊ ပေါ်စွမ်း၊ သန်းထွန်းစိုး၊ ကျော်မြင့်လွင်ဆိုသည့် ပုသိမ်သား မွန်-မြန်မာ ကပြားလေးသည် ဆံထုံးတော်ကြီး ဒေါ်သန်းအောင်၏လက်တွင် ကျောင်းသားဘဝကို စတင်ဖြတ်သန်းခဲ့ရသူ ဖြစ်ခဲ့ပါ၏။
ဗီဇနှင့် ပတ်ဝန်းကျင် ဘယ်အရာက အရေးကြီးသနည်းဟူသည့် မေးခွန်း၏အဖြေကို မည်သူကမျှ ယနေ့ထက်တိုင် အဖြေထုတ်နိုင်ခြင်း မရှိသေူးချေ။ အငြင်းပွားနေကြဆဲ။ သို့သော် ကလေးတစ်ယောက်အတွက် ပတ်ဝန်းကျင်ကောင်း လိုအပ်သည်ကတော့ ငြင်းချက်ထုတ်စရာ ပုစ္ဆာ မဟုတ်ပါချေ။
ကိုကျော်မြင့်လွင်ကြီးပြင်းခဲ့ရာ ပတ်ဝန်းကျင်သည် နိုင်ငံတော်ကအရာရှိများကို တာဝန် ထမ်းဆောင်ချိန်တွင် နေထိုင်ရန်ပေးထားသည့် ဝန်ထမ်းအိမ်ရာ တိုက်တန်းများဖြစ်သည်။ “ပြည်တော်သာ” တိုက်တန်းများ၊ လုံးချင်းတိုက်များသည်ကား တိုင်းအဆင့်အရာရှိဝန်ထမ်း များအတွက်သာ ဖြစ်ချေသည်။ ပုသိမ်မြို့လည် ရုပ်ရှင်ရုံကြီးနှင့် ၂ရုံနှင့် မကွာဝေးလှချေ။
ဤသို့သော ပတ်ဝန်းကျင်သည် သူ့အတွက် အနုပညာအမြုတေကို ကြီးရင့်ရှင်သန်စေရန် ရေခံမြေခံကောင်းခဲ့စေသည်ဟု ယူဆရမည်ဖြစ်သည်။ ထိုမှတစ်ဝ မိဘနှစ်ပါး၏ စရိုက်လက္ခဏာနှင့် ဝါသနာအထုံတို့ကလည်း နုနယ်သည့်နှလုံးသား နှင့် ဦးနှောက်အတွက် စံပြုစရာဖြစ်ခဲ့သည်ကို အနည်းနှင့်အများတော့ လက်ခံရမည်သာ ဖြစ်ပါသည်။ မောင်ကျော်မြင့်လွင် ရေဒီယိုဖက်ရင်းအိပ်ပျော်သွားတတ်သည်က သူ့ဖခင်၏ ရေဒီယိုလေးသာတည်း။ သူ့ဖခင်ဦးထွန်းမြင့်သည် “မဟာဂီတ”အနုအလှတေးတို့တွင် ဝါသနာထုံလှလေသည်။ ထိုကာလများဆီက ဝန်ထမ်းများအဖို့ စနေနေ့ဝက်၊ တနင်္ဂနွေရုံးပိတ်ရက် များကား အပြည့်အဝလှပခဲ့သော မိသားစုပိုင် အားလပ်ရက်စစ်စစ်များ ဖြစ်ခဲ့ချေသည်။ ဤဖခင်၏ အစီအမံဖြင့် သူတို့တိုက်ခန်းလေးတွင် ရံဖန်ရံခါဆိုသလို မဟာဂီတသံများဖြင့် ထုံမွှမ်းခဲ့ရလေသည်။ သူသည် “ထောင်ရောင်နေပတ်ပျိုး” နှင့် ယဉ်ပါးခဲ့ရသူ ဖြစ်ခဲ့လေသည်။
“စနေ၊ တနင်္ဂနွေနေ့တွေဆိုရင် အလှည့်ကျလူကြီးတွေကို ပင့်ဖိတ်ပြီး ဆိုကြတီးကြ တာပေါ့လေ၊ တစ်ခုခုကျွေးပြီးတော့ပေါ့ကွာ၊ “ဦးအိမ်တက်”တို့ “ဆရာမောင်”တို့ “ဦးဘသောင်း”တို့ မင်းတို့ ယိုးဒယားကုန်းရပ်ကွက်က “ဦးလှထွန်း”တို့နဲ့ပေါ့။ ဦးလှထွန်း ဆိုတဲ့ အဖိုးကြီးဆိုရင် သီချင်းကြီးဆိုတာ သိပ်ကောင်းတာပေါ့၊ အသံဝါကြီးနဲ့ကွာ၊ တို့က ကာလပေါ်တွေမဟုတ်ဘူး၊ သီချင်းကြီးဝိုင်းပါ။ ပတ္တလား၊ တယောနဲ့ ဘင်ဂျိုတွေလဲ ပါတာပေါ့၊ အဲဒီတုန်းက ပုသိမ်မှာ ဘင်ဂျိုကောင်းတာ ၂ ယောက် ၃ ယောက်လောက်ပဲရှိတာ၊ ဒီအထဲမှာ ‘ဗန္ဓုလထီးဆိုင်’က‘ဦးငွေလွယ်’ ဆိုတဲ့ တရုတ်ကြီးဟာ အကောင်းဆုံးပဲကွ၊ သူက သီချင်းကြီးတွေ အများကြီးရတယ် “ဦးထွန်းမြင့်က သူ့သားကြီးမောင်သန်းထွန်းစိုး ယဉ်ပါးကြီးပြင်းခဲ့ရသည့် သူတို့၏ ဂီတဝိုင်းအကြောင်း ပြန်ပြောင်းပြောပြသည်။
နေ့ခင်းဘက်တွင် မူကြိုကျောင်းတက်ရပြီး၊ စနေ၊ တနင်္ဂနွေနေ့များတွင် သီချင်းကြီး၊ သီချင်းခံများဖြင့် ယဉ်ပါးကြီးပြင်းခဲ့ရသူ မောင်သန်းထွန်းစိုးတစ်ဖြစ်လဲ မောင်ကျော်မြင့်လွင် တစ်ယောက် ဂီတအနုပညာကို ခုံမင်တက်မက်ဖို့ လုံလောက်သော ပတ်ဝန်းကျင်အကြောင်းခံ များပင်ဖြစ်တော့သည်။ သူ့ဖခင်က သူ ၂ နှစ်၊ ၃ နှစ်သားလောက်တွင် ဘာဂျာ(ဟာမိုနီတာ) လေးတစ်လက် စတင်ဝယ်ပေးခဲ့သည်တွင် သူက စူးစမ်းသောကလေးတို့ သဘာဝအတို်င်း တစ်စစီဖြုတ်ပစ်လိုက်သည်ဟု ပြောသည်။ ဆန်းကြယ်သည့် အသံထွက် တူရိယာ ပစည်းလေးကို ကလေးတစ်ယောက်အတွက် စူးစမ်းစရာကောင်းနေသည်ထင့်။ သူ မတီးတတ် မမှုတ်တတ်သည့် လူကြီးများတီးခတ်နေကြသည့် ဘင်ဂျို၊ တယော၊ မြန်မာဂီတ၊ ပတ္တလား တို့ထက် သူပိုင်ဆိုင်သည့် ‘ဘာဂျာ’ လေးကို သူစိတ်ဝင်တစား စူးစမ်းလိုချင်သည်သာ ဖြစ်ပေလိမ့်မည်။
မြို့လယ် ရုပ်ရှင်ရုံကြီး ၂ ရုံနှင့် မကွာဝေးလှသော သူတို့နေထိုင်ရာ ‘ပြည်တော်သာ’ တိုက်တန်းမှ အနည်းငယ်ဆက်သွားလျင် ပုသိမ်၏ မြို့အသည်းနှလုံး၊ မြို့လည်ခေါင်ရှိ မိဖုရား ကြီးဥမ္မာဒန္တီ၏ ကောင်းမှုတော် ‘ရွှေမုဋ္ဌော’ စေတီတော်ကြီးကို ရောက်သည်။ ယခင်ကာလ များက ပုသိမ်သည်သင်္ဘောဖြင့်သာ မဟာရန်ကုန်အပါအဝင် အခြားမြစ်ဝကျွန်းပေါ်မြို့ကြီး များသို့ သွားလာနိုင်ခဲ့လေသည်။ ငဝန်မြစ်သည် ကွေ့ကောက်စီးဆင်းလျက် ပုသိမ်သို့ ခေါ်ဆောင်ခဲ့သည်။ ပုသိမ်ကိုဝင်လျင် ‘ရွှေမုဋ္ဌော’ စေတီအား ၃ ကြိမ် ဦးခိုက်ရသည်ဟု ပြောစမှတ်ရှိသည်။ ပုသိမ်ကမ်းနား ‘ကိုယ့်မင်းကိုယ့်ချင်း’ တံတားမှတက်တက်ချင်း ဘုရားကြီး အား ဖူးမျှော်ရပေမည်။ ရွှေမုဋ္ဌောဘုရားကြီး၏ တောင်ဘက် စောင်းတန်းကြီးကား ပုသိမ်မြစ်အထိ ရောက်သည်။ ဈေးလည်းရှိကာ ‘နတ်လမ်းဈေး’ ဟုခေါ်တွင်သည်။ ယခုတော့ စောင်းတန်းကြီးသာရှိတော့ပြီး ဈေးကားမရှိတော့ပြီ၊ ဘုရားကြီးတွင်နှစ်စဉ် ရွှေသင်္ကန်း ကပ်လှူပွဲ၊ တပို့တွဲလစတုမတူထိုးပွဲ၊ မသိုးသင်္ကန်းကပ်လှူပွဲ စသည်ဖြင့်ရှိသည်။ တစ်ခုသော ‘ရွှေမုဋ္ဌောစေတီကြီး’ ၏ ထီးတော်တင်လှူပွဲကြီးတွင် ဆိုင်းဝိုင်းကြီးဖြင့် ခမ်းခမ်းနားနား ပူဇော်တင်လှူခဲ့ရာ မူကြိုကျောင်းသား မောင်သန်းထွန်းစိုး (ဝါ) မောင်ကျော်မြင့်လွင်မှာ မခံနိုင်အောင် စိတ်လှုပ်ရှားသွားပြီး ပုဆိုးလေး ခါးတောင်းကြိုက်ကာ ကွေးနေအောင် က, လေသည်တဲ့၊ သူကသောအခါ သူ့ညီအကြီးဆုံး ကိုဉာဏ်စိုး(ယခု) လျှပ်စစ်အင်ဂျင်နီယာ (FISCA Co)မှာလည်း အစ်ကိုကြီးနှင့်အတူ ကွေးနေအောင်ကခဲ့ကြသည်ဟု သူတို့မိခင်ကြီးက ပြောသည်။ ရေဒီယိုဖက်အိပ်ပြီး ‘ဝင်းဦး’ ကို အသည်းစွဲကြိုက်ခဲ့သူ၊ မောင်ကျော်မြင့်လွင်၏ ပထမဆုံးသော Performance ဟုပင် မှတ်တမ်းပြုရပေမည်။ ဒီလိုနှင့် ‘ပေါ်စွမ်း’ ခေါ် မောင်ကျော်မြင့်လွင်တစ်ယောက် မူလတန်းကျောင်း တက်ခဲ့ရလေသည်။ သူတို့အိမ်နှင့် အဝေးလှသော အမှတ်(၂၀) အမက၊ ဥမ္မာဒန္တီ ရပ်တွင် ဖြစ်သည်။ တရုတ်ကျောင်းဟု အမည်တွင်သော အမှတ်(၂၀) အမကသည် မြို့ရှိကြေးရတက်၊ လူကုံထံသားသမီးများ၊ စာတော်သူများဖြင့် နာမည်ကျော်သည့် ကျောင်းလည်းဖြစ်သည်။
မောင်ကျော်မြင့်လွင် တတိယတန်းအရောက်တွင် သူ့ဆရာမ ဒေါ်ခင်ခင်က ‘မောင်ကျော်မြင့်လွင်… မင်းကဗျာရွတ်ပြိုင်ပွဲ ဝင်ရမယ်။ မင်းကို ဆရာမယုံကြည်လို့ခိုင်းတာ’ ဟူ၍ တာဝန်ပေးခဲ့သည်ဟုဆိုသည်။ ဤတွင် ဖခင်ဖြစ်သူက ‘တစ်ထောင့်တစ်ညပုံပြင်များ’ ထဲမှ ထုတ်နှုတ်လျက် နဘေကာရန်ဖြင့် ပြန်လည်ရေးသားလေ့ကျင့်ပေးပြီး ကဗျာရွတ် ခဲ့ရသည်တဲ့။ သူ၏ အသွေးအသားထဲတွင် ‘ကဗျာ’ စီးဆင်းဝင်ရောက်ခဲ့ခြင်း အမွန်အစလည်း ဖြစ်ပေတော့သည်။ ဤသို့ဖြင့် ဒေသကောလိပ်ကျောင်းသားဘဝ သူတို့ ရေးသားထုတ်ဝေခဲ့ သော ‘မြ’ အမည်ရှိ ကျောင်းတွင်းကဗျာစာအုပ်လေးတွင် သူက
‘‘အမေ—
အမေ ဝမ်းရည်စပ်တယ်ဆိုရင် ခွင့်လွှတ်ပါ။
သားရင်ထဲမှာ ကဗျာ’’
သျှပ်မှူးကျော်
ဟုရေးခဲ့ပြီး သံသရာထိပါအောင် ကဗျာကိုချစ်သွားခဲ့တော့သည်။
ကဗျာဆရာသျှပ်မှူးကျော် ဖြစ်ရန် မောင်ကျော်မြင့်လွင်သည် တတိယတန်း ကျောင်းသားဘဝက စတင်ခဲ့သည်ပဲ။ တစ်ထောင့်တစ်ညမှသည် သံသရာထိအောင် ရှည်လျားခဲ့ချေ၏။
ဤသို့ဖြင့် တိတ်တိတ်လေးပျင်းနေတတ်တဲ့ ‘ငဝန်’ မြစ်ကမ်းဘေးက ပုသိမ်မြို့လေးဟာ ‘ကမ္ဘာမြေရဲ့ သီချင်းလေးတစ်ပုဒ်’ ကို ရရှိခဲ့လေသည်။ သူသည်ကား ကိုယ်ထူကိုယ်ထ မူကြိုကျောင်းသားလေး ‘မောင်သန်းထွန်းစိုး’၊ ပုသိမ်မြို့က ဥမ္မာဒန္တီ မိဖုရားကြီး တည်ထားတော်မူခဲ့တဲ့ ‘ရွှေမုဋ္ဌော’ စေတီတော်ကြီး၊ ရွှေသင်္ကန်းကပ်လှူပွဲမှာ ပုဆိုးလေး ခါးတောင်းကျိုက်ပြီး ညီငယ်နဲ့အတူ ကွေးနေအောင် ကခဲ့သူ၊ ဆိုင်းမရှိလို့ မကရရင် ရေဒီယိုလေးပိုက်ပြီး အိပ်ပျော်ခဲ့ရှာသူ မောင်ကျော်မြင့်လွင်။ နတ်စီတဲ့ အိပ်မက်လှလှများကို လွယ်လွယ်နဲ့မရဆိုတဲ့ တရားသဘောကို ပြခဲ့လေသည်လား။
ဤသို့ကဗျာနှင့်နေခဲ့သူ၊ မဟာဂီတသံများကြားမှာ ယဉ်ပါးသာယာနေတတ်သူ၊ ရေဒီယိုလေးနှင့် ငယ်စာရင်းမဖျက်နိုင်ခဲ့သူ မောင်ကျော်မြင့်လွင်တစ်ယောက် သူ၏ ၈တန်း ကျောင်းသားဘဝတွင် သူ့အတွက် ကြီးလှစွာသော အချိုးအကွေ့တစ်ခု ဖြစ်ပွားသွား ခဲ့လေသည်။ နွေကျောင်းပိတ်တစ်ခုတွင် ဆွေမျိုးများရှိရာ မော်လမြိုင်သို့ အိမ်လည်ရာမှအပြန် အစ်ကိုဝမ်းကွဲ ကိုအောင်မျိုးဆန်းထံမှ ဂစ်တာဟောင်းလေးတစ်လုံးကို ပုသိမ်သို့ သယ်ဆောင် လာခဲ့ရာမှ အစပြုခဲ့သည်။ သူကား တူရိယာလေးနှင့် စိတ်ဝိညာဉ်ကို စကြဝဠာသို့ လွှင့်တင်ရင်း ဤကမ္ဘာမြေကို ဖွဲ့သီဖို့ အစပြုခဲ့လေပြီ။
ဖခင်၏ခွင့်ပြုချက်မရသောအဖြစ်၊ ဤတွင် သူတော်ချင်းချင်းသတင်းလွေ့လွေ့ ပေါင်းဖက်ဖြစ်သူ ကဗျာဆရာစိုးရိမ်(ကိုအောင်အောင်ကျော်)၊ ကိုဦး(ကိုအောင်ကျော်ဦး)တို့နှင့် အတူ အဖြူရောင်ဂစ်တာလေး၏ စိုးထိတ်ငိုရှိုက်သံ၊ လွတ်လပ်တက်ကြွသံ၊ လွမ်းဖွဲ့ကြိုး၊ လူငယ်တို့ဘာဝ အဖဖြစ်သူနှင့်လည်း အမြင်လွဲချော်ခဲ့ရလေသည်။
‘‘မင်းစဉ်းစားကြည့်စမ်းကွာ…အဲဒီလူငယ်ဘဝမှာ ဂစ်တာတီးရင် တစ်ယောက်လောက် တောင် ထွန်းထွန်းပေါက်ပေါက်ဖြစ်လို့လား၊ ကျောင်းစာမှာချို့တဲ့သွားနိုင်တယ်လေ၊ အဲဒီတော့ ကျောင်းစာကို အဆင်ပြေအောင်လုပ်၊ ပြီးတော့မှ တီးချင်ရင်တီး၊ သူ(သားသား) ၁ဝတန်းအောင်တော့ ၁၆နှစ်ပြည့်ရုံပဲ ရှိသေးတာပါ။ တစ်ခုခုတော့ ဖြစ်စေချင်ခဲ့တာပေါ့ကွာ၊ ဆရာဝန်တို့ အင်ဂျင်နီယာတို့လေ…ဒီလို ဂစ်တာလေးနဲ့ ဟိုသွားလိုက် ဒီသွားလိုက်အစား… မင်း အဖေတစ်ယောက်ဖြစ်ခဲ့ရင်လည်း မင်းဒီလိုပဲခံစားဖြစ်မှာပါကွာ’’
ဤသို့ ဖခင် ဦးထွန်းမြင့်က သူ့သားကြီး၏ ဂီတာလေးအပေါ် ဆွေးမြေ့စွာ အလွမ်း စကားဆိုခဲ့ရှာလေသည်။ သူကား မရပ်နားတော့ပြီ၊ ဂီတသင်္ကေတများနှင့် ရင်းနှီးယဉ်ပါးစေရန် မြို့နယ် လူငယ်ဘင်ခရာတပ်ဖွဲ့သို့ ဝင်ခဲ့လေသည်။ ဆရာဦးစန်းတင့်၏ မောင်းနှင်မှုအောက်၊ ဆရာဦးကျောက်စိမ်းအမည်ရှိ အပျော်တမ်း အနုပညာရှင်ကြီးတို့ထံတွင် ဂီတသင်္ကေတများ ဆည်းပူးခဲ့သည်။ ပြီးတော့ပုသိမ်၏ အထင်ကရ ‘ငုဝါ’ တီးဝိုင်းတွင် သီချင်းဆိုသူ ဖြစ်ခဲ့သေးသည်။ ဒေသကောလိပ်ကျောင်းသားကြီးဘဝတွင် သူသည် ဝါသနာတူ လူပေလူတေကလေးများ (သူတစ်ပါးကို ဒုက္ခမပေးဘဲ ကိုယ့်ကိုယ်ကိုသာ ဒုက္ခလမ်းကို ရှာကြသူများ) နှင့် ပေါင်းဖက်ပြီး ‘အမေ့ရဲ့ဒုက္ခအိုးလေး’ ဖြစ်ဖို့ ကျောင်းစာသင်ခန်းများကို ကျောခိုင်းခဲ့တော့သည်။ ကျောင်းပွဲတွေတီးသည်။ ကဗျာတွေရေးသည်။ သီချင်းတွေရေးသည်။ သီချင်းတွေကို စီမံခန့်ခွဲသည်။ အနုပညာနှင့် ပက်သက်လျှင် အခြေအမြစ်ကိုကျ ရေဆုံးရေဖျား လိုက်တတ်သူ ‘သျှပ်မှူးကျော်’ ဖြစ်လာလေသည်။ တစ်အိမ်လုံး ‘မော်လမြိုင်’ ပြန်ပြောင်းသွားပေမယ့် သူ ကျန်ရစ်ခဲ့သည်။ ပုသိမ်မှာ သူ့အတွက် ကဗျာတွေရှိသည်။ သီချင်းတွေရှိသည်။ သူနဲ့ဆိုးဖက်တေဖက် ဒုက္ခအိုး အရွယ်စုံရှိသည်။ ပြီးတော့ သူ့မွေးရပ်မြေ၊ ၁၉၈၂-၈၃ ကာလတွင် ပုသိမ်ကောလိပ်ရှိ အဆောင်ညစာစားပွဲများ၊ မောင်မယ်သစ်လွင် ကြိုဆိုပွဲများ၊ နှုတ်ဆက်ညစာစားပွဲများ အားလုံး သူဦးစီးသော Shore of Peace ပဲ ဒိုင်ခံတီးခတ်ခဲ့သည်အထိ သူတို့အုပ်စုအားထုတ်ခဲ့ကြသည်။ ၁၉၈၄-၈၅ ခုနှစ်ခန့်တွင် ဖြစ်မည်ထင်ပါသည်။ ပုသိမ်ရွှေဆိုင်တိးက Sunflower အမည်ရှိ တီးဝိုင်းကို ဦးစီးသူ ကိုအောင်တင်ဦး၊ ကိုအောင်ကျော်ဦး (မောင်ဝိုင်း) တို့နှင့် သူ သီချင်းအရောင်းအဝယ် ဖြစ်ခဲ့လေသည်။
ကိုအောင်တင်ဦးရော၊ မောင်ဝိုင်းရော၊ သူတို့အဖွဲ့ဝင် ကိုအောင်မြတ်ရော၊ အခုတော့ သူ(ကိုကျော်မြင့်လွင်)ပါ မရှိကြတော့ပြီပဲ။ မောင်ဝိုင်းနှင့် အောင်တင်ဦးတို့အိမ်တွင် ကိုနေဝင်း (မောင့်လပြည့်ဝင်း)က တည်းခိုအခြေပြုနေသည့် ကာလဖြစ်သည်။ ကိုအောင်တင်ဦးက သီချင်းခွေ အသံသွင်းမည်။ သီချင်းတွေဝယ်မည် ဖြစ်လာသည်။ ဤတွင် ပုသိမ်မြို့ရှိ တစ်ဦးတည်းသော ခေတ်ပြိုင်သီချင်းရေးသူ သူ(ကိုသျှပ်)နှင့် အဆင်ပြေခဲ့သည်။ ‘အခါလွန်မိုး’ အပါအဝင် သီချင်း ၄ပုဒ်ကို ကျပ်တစ်ထောင်နှင့် ရောင်းဝယ်ဖြစ်ခဲ့လေသည်။ ‘အခါလွန်တဲ့မိုး’ သည် သူရေးစက သီချင်းနာမည်မရှိသေးချေ။ ပြီးတော့ ဂီတသံစဉ်ကလည်း ယခုကဲ့သို့ မဟုတ်သေး။ သံပြိုင် (Chorus) ပိုဒ်တွင်…‘ခုတော့ ဝေးကြပြီမေ xxx ခုတော့ဝေးကြပြီလေxxx ခုတော့ ဝေးကြပြီ တို့နှစ်ဦးသားxxx နှုတ်ဆက်မျက်ရည်လေးများxxx အားလုံး မသိအောင်သိမ်းထားxxx ပန်းကလေး မနွမ်းအောင်xxx မိုးစက်လေးများအစားxxx သွန်းလောင်းလိုက်ပါလား’ ဟူ၍ဖြစ်သည်။ သူ(သျှပ်မှူးကျော်) အောင်တင်ဦးကို ရောင်းတော့မှ ‘အခါလွန်တဲ့မိုးမို့ အငြိုးနဲ့ရွာ’ ဟူ၍ ပြင်ဆင်လိုက်ခြင်းဖြစ်သည်။ ဤ ‘အခါလွန်တဲ့မိုးမို့ အငြိုးနဲ့ရွာ’ ဟူသော သီချင်းစာသားကိုပင် အောင်တင်ဦးတို့က ပြင်ဆင်ချင်သည်ဆို၍ သူနှင့်အကြီးအကျယ် ပြသနာဖြစ်ခဲ့သေးသည်။ သူသည် သူ့သီချင်း၊ သူ့အနုပညာကို ဘယ်တော့မှ အထိမခံတတ်သူ။ ‘ပိုက်ဆံတစ်ပြားမှ မရှိဘဲ သိက္ခာရှိချင်သေးသတဲ့’ ဆိုသည့် ပုဂ္ဂိုလ်။ ခုလည်းပဲ သီချင်းရောင်းခကျပ်တစ်ထောင်တိတိ။ သူဘာလုပ်မည်ထင်ပါသနည်း။ ရန်ကုန်စံရိပ်ငြိမ်မှာနေခဲ့စဉ် ‘ရှုမဝ’ မဂ္ဂဇင်းပါကဗျာအတွက် ရသည့်စာမူခကျပ် ၁ဝ ကို ငွေလွှဲဖြင့် မိခင်ကို ဦးဦးဖျားဖျား ကန်တော့ခဲ့သည့် လင်းထက်(ဝါ)သျှပ်မှူးကျော် ခုတစ်ခါဖြင့် ဘာလုပ်ခဲ့ပါသလဲ။ တစ်မြို့လုံးက သူချစ်ခင်သူ သူငယ်ချင်းအားလုံးကို ခေါ်သည်။ ပုသိမ် ငဝန်မြစ်ကမ်းဘေးမှ ဖွင့်လှစ်ခါစ ‘သီတာဦး’ အမည်ရှိ ရေပေါ်စားသောက်ဆိုင်၏ဘားတွင် ကြိုက်တာကို ကြိုက်သလောက်သောက်စေခဲ့သည်။ ကျပ် ၁၀၀ဝ ဆိုသည်မှာ ထိုကာလက အတော်များသော ပမာဏ။ ဘီယာတစ်လုံးမှ ၈ ကျပ် ၅ဝ ပြား၊ ရမ်တစ်ပက် ၄ ကျပ် ၄ဝ ပြား၊ ကျပ် ၁၀၀ဝ ကို ကုန်အောင်ကို ပျော်ပွဲဆင်ခဲ့သူပါပင်။ မနက်ဖြန်အတွက် သူ ဂရုမစိုက်။ ဒီလိုနှင့် မော်လမြိုင်နှင့် ရန်ကုန်၊ ပုသိမ် ကူးချည်သန်းချည် သွားနေခဲ့သည်။ ပုသိမ်က သူ့တပည့်တွေ သူငယ်ချင်းတွေဆီကို စာတွေမကြာမကြာရေးပို့၊ သူကိုယ်တိုင် နှုတ်ဆက်ပွဲများ ရှိသည့် ဇူလိုင်၊ ဩဂုတ်လများတွင် ပြန်ပြန်ရောက်ရောက်လာတတ်စမြဲ။ သူပါဝင်တီးခတ် စမြဲဖြစ်ခဲ့လေသည်။ ဂီတသည်လည်းကောင်း၊ ဂီတာသည်လည်းကောင်း သူနှင့် ဘယ်တော့မှ မကင်းကွာခဲ့သူ ဖြစ်လေသည်။
မော်လမြိုင်သို့ သူအပြီးပြောင်းသွားပေမယ့် သူ့အကြောင်းကို သူပြောပြလို့ သိနေရသည်။ စာတွေထဲက ဖြစ်သည်။ သူသည် တကယ်တော့ Arranger ဂီတစီမံခန့်ခွဲသူသာ ဖြစ်ချင်သူ။ သူကား သီချင်းဆိုသူမဟုတ်။ သီချင်းရေးမည်။ ဂီတတွေ တပ်ဆင်မွမ်းမံပေးမည်။ လှပသော သူ၏ အနုပညာကို သူ တမြိန့်မြိန့် ပီတိကျ ခံစားမည်။ သူက ဒါပါပဲ။ ဒီလိုနှင့် သူပထမဆုံးအသံသွင်းဖြစ်ကြောင်း သူကိုယ်တိုင်ပြောပြ၍ သိခဲ့ရသည်။ သီချင်းဆိုသူမဟုတ်။ တီးခတ်သူ Drummer အဖြစ်နှင့်တဲ့။ Local Talent အစီအစဉ်အတွက် စောခူဆဲ၏ အစီအမံဖြင့် သူတို့ Excellence တီးဝိုင်း အသံသွင်း အတွေ့အကြုံ ဖြစ်သည်။ မော်လမြိုင်တွင် သူတို့ တည်ထောင်ခဲ့သည့်ဝိုင်း။ ဂီတာတီးတာက ကိုG.K ဆိုသည့် သီချင်းရေးသမား၊ သူက Drummer… ပထမဆုံး တီးရတာက Clift Richard ရဲ့ Devil Women ဖြစ်ခဲ့သည်။
၁၉၈၁ နိုဝင်ဘာမှာ မိသားစု မော်လမြိုင်ပြောင်းခဲ့ပေမယ့် ပုသိမ်မှာကျန်ရစ်ခဲ့သူ သျှပ်မှူးကျော်၊ ခုတော့ မော်လမြိုင်မှာ တီးဝိုင်းထောင်နိုင်တဲ့ကာလ ဖြစ်လာခဲ့သည်။
သူ၏ပေးစာများအရ အဆိုတော်တစ်ဦး သူ့သီချင်းတွေကို အလကားတောင်းတဲ့ အကြောင်း၊ ကိုဘွဲ့မှူးတို့နဲ့ ရံပုံငွေပွဲတစ်ပွဲ လုပ်မယ်ဆိုတာတွေ၊ ဆရာဦးအောင်စိုးထံမှာ သီအိုရီ သင်နေတာတွေ သိလာရသည်။ သူ့မှာဘာအခက်အခဲနှင့် နာကျည်းစရာတွေရှိသည် မသိ။ ‘သူဂီတကိုကျောခိုင်းလိုက်ပြီ’ လို့ ပုသိမ်နှင့် ပက်သက်သည့် သူ့မိတ်ဆွေ၊ တပည့်၊ ဆရာများအား ကြေညာခဲ့သေးသည်။ ‘‘သူ ဂီတကို လုံးဝဝါသနာမပါတော့ဘူး၊ စွန့်လွှတ် လိုက်ပြီ’’ တဲ့။ ဘယ်သူကမှ မယုံကြည်ပါ။ သူကား လိမ်ညာတတ်သူ၊ ကြွားဝါတတ်သူ၊ လျှို့ဝှက်တတ်သူမှ မဟုတ်တာ။ သူက ပြောစရာမကျန်အောင် ပွင့်ပွင့်လင်းလင်း ပြောတတ်သူ၊ လုံးဝ အားမနာတတ်သူ၊ မလိုအပ်လျှင် ဘာမှမပြောတတ်သူပဲ။
ယခု သူမရှိတော့မှ သူ့ရဲ့ကြေကွဲခန်း၊ ပေါက်ကွဲခန်းတွေကို မိခင်ကြီး ဒေါ်မြရင်နှင့် သူ့ညီကိုအောင်မျိုးဟိန်းတို့က ပြောပြမှသိရတော့သည်။ သူသည် သူတစ်ပါး၏ သိက္ခာနှင့် ဂုဏ်သရေကို စောင်ထိန်းသူပဲ ဖြစ်ပါ၏။ ကွယ်လွန်သည်အထိ ထိုအကြောင်းကို တစ်လုံးတစ်ပါဒမျှ မပြောခဲ့ပေ။ သူ(သျှပ်မှူးကျော်) မော်လမြိုင်ပြောင်းကာစ ‘မော်လမြိုင်’ ဂီတရပ်ကွက် အခြေအနေကို သူ့ညီက ဤသို့ ပြောပြလေသည်။
‘‘မော်လမြိုင်မှာက ‘ရွှေ’ဆိုတဲ့တီးဝိုင်းက နာမည်ကြီးတယ်။ နောက် ကိုမြသောင်း (ဂျက်မြသောင်း)ဦးစီးတဲ့ 747 လည်း နာမည်ကြီးပါပဲ။ ကိုလေး (သျှပ်မှူးကျော်)က Bass တီးတယ်၊ G.K (ကိုဗလဆိုခဲ့တဲ့သီချင်း ရေးခဲ့သူ) က ဂစ်တာ၊ ကိုစိုးညွန့် (G.K ရဲ့ ညီ)က ဂစ်တာ၊ Drum က ကိုအောင်စိုး…၊ သူတို့ဝိုင်းက Excellence တဲ့ဗျ၊ အဲဒီ Excellence နဲ့ သီချင်းဆိုခဲ့တဲ့ ကို…(နာမည်တော့မပြောတော့ဘူးဗျာ၊ သူလည်းအခုမရှိတော့ဘူး၊ ဆုံးသွားပါပြီ) က ကိုလေး သီချင်းရေးတယ်ဆိုတာကို သိသွားပြီး သူဆိုမယ် ခွေသွင်းမယ်ဆိုပြီး စီစဉ်ခဲ့တာလေ။ အဲဒီကာလက No.No တို့ ‘ခွင့်မပြု’ တို့ပေါ့… ကိုလေးဆိုပြတော့ အသံသွင်းမယ် ဖြစ်လာတာပါ။ ကိုလေးက Parts တွေ ခွဲတော့တယ်။ Aces နဲ့တီးဖို့။ ဒါပေမယ့် အဲဒီကိစ္စက ပျက်သွားခဲ့ပါတယ်။
သူ့အတွက် ကြီးစွာသောရည်မှန်းချက် ပျက်စီးရခြင်းဖြစ်သည်။
‘‘အဲဒီကာလမှာ Excellence က ပျက်သွားပြီး Sharp ဆိုတဲ့ အမည်သစ်၊ ဝိုင်းသစ် ဖွဲ့ကြတယ်။ ကိုလေးက Lead တီးခဲ့တယ်။ သူ့အနွံအတာ အင်မတန် ခံကြပါတယ်။ သူတို့ဝိုင်းက သီချင်းတိုက်ပြီးရင် အရက်သောက်ကြတာပဲ။ အဲဒီကာလမှာ ခုနခွေကိစ္စ ပျက်သွားတော့ သူ အရမ်းစိတ်ထိခိုက်သွားတော့တာ။ တစ်နေ့တော့ သူတို့သီချင်းတိုက်ပြီး သောက်ကြတော့ ကိုလေးဟာ ဘာမပြောညာမပြောနဲ့ Rum တစ်လုံးလုံးကို တစ်ချက်တည်း သောက်ချလိုက်တာ’’
ဤကား အံ့ဩစရာ ဖြစ်ပါသည်။ ပုသိမ်တွင် ဤသို့ အရက်ကို ဘယ်တော့မှ လက်လွတ်စပယ် သူမသောက်ပါ။ သူ့ရောင်းရင်းတွေအကုန် လဲကုန်ချိန်တောင်မှ သူက ဂီတာလေးနှင့် သီချင်းတီးရင်း ကျန်ခဲ့နိုင်သူပါ။ သူအတော်စိတ်ထိခိုက်လို့ပဲ ဖြစ်ပါလိမ့်မည်။ ယခုဖြစ်ရပ် အရင်ကရော သူ ဘာတွေကျဆုံးခဲ့ပါသလဲ။ သူက Composer သန့်သန့်လုပ်ချင်သူ၊ သူက Arranger လုပ်မည့်သူ၊ သူက လိုအပ်လျှင် Player ၊ သီချင်းဆိုချင်သူ မဟုတ်တာ သူနှင့်နီးစပ်သူတွေ သိခဲ့သည်။ ဒါတောင်သူက တကယ့်အဆိုကောင်းသူပင်။ မှတ်မိပါသေးသည်။ Shore of Peace အဖွဲ့ဝင် အတီးသမားများ တစ်ယောက် တစ်ပုဒ်စီ သီဆိုပေးပါဟု ပုသိမ်ကောလိပ်မှ ဌာနမှူးများ၊ ပါမောက္ခများ၊ အဆောင်မှူးများက တောင်းဆိုလျှင် တစ်ယောက်တစ်ပုဒ်စီ အနည်းဆုံး ဆိုပေးရသည်။ ဤတွင် သူ (သျှပ်မှူးကျော်)ကား တကယ့်ပီပီပြင်ပြင် ဆိုနိုင်သူဖြစ်ကြောင်း သိရတော့သည်။ သူပထမဆုံး ဆိုခဲ့သည်က ရီတာစိုးဝင်း၏ သီချင်း ၂ ပုဒ် ဖြစ်ပါသည်။ ‘ပလေးဘွိုင်ရဲ့ ပလေးဘွိုင်’ တေးစုတွင် ပါခဲ့သည့် ‘လျှို့ဝှက်အချစ်’ နှင့် ‘သွားနိုင်တယ်’ ဖြစ်သည်။ နောက် တက္ကသိုလ်အေးမောင်၏ ‘ပုန်းလို့မနေနဲ့ကွယ်’ တို့ ဖြစ်၏။ သူရေးသော သီချင်းများကိုမူ သူ ဘယ်တော့မှ မဆိုပြခဲ့ပေ။ သူငယ်ချင်းတွေကိုတော့ ပေးဆိုသည်။ ထိုကာလ ပုသိမ်ကောလိပ်တွင် ‘ဝေးသွားတဲ့အခါ’ အမည်ရှိ သူ့သီချင်းကတော့ အဆောင်ညများ၊ ကန်သုံးဆင့်တစ်ဝိုက်၊ ထိုမှ ပုသိမ်ကောလိပ်ထွက် ဂစ်တာသမား ကျောင်းသား ကျောင်းသူများ၏ သီချင်း ဖြစ်ခဲ့သည်။
မော်လမြိုင်ရောက်မှ ဒီလို သူရမ်အရက်တစ်လုံးလုံး တစ်ခါတည်း သောက်ချပစ်လို်က်သည်တဲ့။ ပြီးတော့… သူ့အမေကို ဘာမှမပြောဖို့မှာရင်း သံလွင်မြစ်ထဲ ဆင်းသွားခဲ့သည်ဟု သိခဲ့ရတော့သည်။ ဤဆောင်းပါး အစပိုင်းက ပါခဲ့ပြီးသည့်အတိုင်း သူ့အမေက သူ့ကို ကယ်တင်ခဲ့လေသည်။
သံလွင်ကား သူ့ကို မဖျက်ဆီးနိုင်ခဲ့ချေ။
‘‘သူက အရေးသမားပဲ လုပ်ချင်တာ၊ အဆိုသမား မလုပ်ချင်ဘူး၊ အဲဒီမှာ ငါလည်း ရှိစုမဲ့စုလေးတွေ စုပြီးတော့ပေါ့ကွယ်…၊ ရော့…သား… ဆိုပြီး ငွေနှစ်သောင်းခွဲလား မသိဘူး… ပေးလိုက်တော့တာ၊ အဲဒါနဲ့ သူရန်ကုန်ကို တက်ခဲ့တော့တာပဲ’’
မောင်သန်းထွန်းစိုး၊ မောင်ကျော်မြင့်လွင်၊ ကိုဘဲဥ၊ ကိုသျှပ် မှသည် ထူးအိမ်သင် အဖြစ် ခရီးအစပျိုးခဲ့ခြင်း ဖြစ်ပေသည်။ ထူးအိမ်သင်အကြောင်း ဤနေရာတွင် မဖော်ပြတော့ပါ။ ဘာ့ကြောင့်ဆိုတော့ သူ့နာမပညတ်များ မတူခဲ့သလို၊ အခြေအနေ၊ စိတ်ထားများလည်းမတူ တော့ ၍ပင်၊ ‘ထူးအိမ်သင်’ ဟူသည်ကား ဖွဲ့သီစရာမလိုသော ‘ကမ္ဘာမြေ၏တေး’။
‘ကမ္ဘာမြေ ငြိမ်းချမ်းပါစေ ပန်းပွင့်တွေ ဆုတောင်းနေ’ ဟူ ၍ ဩကာသလောကကို ချစ်မက်တွယ်တာသူ ဖြစ်လေသည်။ သူသည် မည်သည့်ကာလတွင် မည်သို့ဖန်တီးရမည်၊ မည်သို့ဖြည့်ဆည်းရမည်ကို အလွန်သိသူ။
သူ့ဖခင်ကြီး ဦးထွန်းမြင့်ကတော့
‘‘ဒီပုံက ငါကိုယ်တိုင် ရိုက်ထား၊ ကူးဆေးထားတာ၊ Contact ကူးထားတာကွာ…၊ သားသား(ထူးအိမ်သင်) ၁၃ နှစ် ၁၄ နှစ်လောက် ရှိမှာပေါ့၊ မောင်ဆု (သူ့ညီအငယ်ဆုံး မင်းဆုမွန်) က ၁၉၇၂ ခုနှစ်မှာ မွေးတာဆိုတော့ ၈ လသားလောက် ရှိပြီပေါ့။ မတ်တတ် မရပ်နိုင်သေးလို့ နောက်ကနေချီထားရတာ’’ ဟူ ၍
သူ့မိသားစု ပုံလေးကိုပြရင်း…
‘‘ဟိုတုန်းကပုသိမ်မှာ ဓာတ်ပုံဆရာဘယ်သူတွေရှိလဲဆိုတော့ သမဝါယမက ကိုလှမြင့်ရှိတယ်၊ ‘မေအောင်’ တို့အဖေ ကြေးမုံဝင်း ကိုတင်ညွှန့်၊ မော်စကိုဗစ်ကားစီးတဲ့ ဝင်းချစ်ဓာတ်ပုံတိုက်က ကိုလှမောင်တို့ပဲ ရှိတာ၊ တို့ပုသိမ် ‘ဗဟို’ ဓာတ်ပုံတိုက်က ကင်မရာတွေဟာ ငါ့ဟာတွေချည်းပဲ။ ဗဟိုပိုင်ရှင် ‘အာသာ’ ဆိုရင် ‘အာသာ ငါ့ကို ကင်မရာ တစ်လုံးပေးစမ်း’ ဆိုရင် ‘ဦးထွန်းမြင့် အဲဒီမှာ ကြိုက်တာယူသွား’ ပဲ အရင်က Flash Gun သိပ်မသုံးသေးဘူကွ’’
လို့ သူရိုက်ထားတဲ့ ပုံလေးကိုကြည့်ရင်း ပြောပြရှာသည်။
‘‘သားသားမှာ လုပ်စရာတွေ အများကြီး ရှိသေးတယ်ကွာ… သူနဲ့ငါ တိုင်ပင်ထားတာ တွေရှိတယ်၊ ‘မိုးဇော်ကို’ ဆိုတဲ့ ဆိုင်းဆရာလေးကို သူက Notes သင်ပေးမယ်၊ မိုးဇော်ကိုက သူ့ကို ဆိုင်းဝိုင်းအကြောင်းရှင်းပြပြီး တီးပေးမယ်၊ သူတို့ အဲဒီအစီအစဉ်အတွက် ချိန်းထားကြတာ၊ ဘာမှမကြာသေးဘူး၊ သူဆုံးမယ့်နှစ်ပါပဲ’’
ဖခင်တစ်ယောက်၏ ကြေကွဲခြင်းကား၊ ဣန္ဒြေရသည် ဆိုပေမယ့် ကြိတ်မှိတ်ခံစား ဖြေသိမ့်နေရခြင်းမှာမူ မသက်သာလှပါပေ။
သူတို့၏သား၊ သူတို့၏ အစ်ကိုကြီးကား ‘ထူးအိမ်သင်’ အဖြစ် မိသားစုအတွက်သာမက၊ မြန်မာပြည်အတွက်၊ ထိုမှတစ်ဝ ကမ္ဘာမြေအတွက် သီချင်းများ၊ အနုပညာများ၊ နှလုံးသားများစွာအတွက် ချစ်ခြင်းအားဖြင့် ပေးဆပ်သူဖြစ်ခဲ့ပါပြီ။
‘‘ဪ… ဒီသားကို မွေးရကျိုးနပ်ပါတယ်ကွာ၊ ဒါပေမယ့် ဒီအချိန်ကာလက နည်းလွန်းအားကြီးပါတယ်ကွာ… လူတစ်ယောက်အတွက် အနည်းဆုံးတော့ အသက် ၅ဝ လောက်နေရရင် တော်သေးတာပေါ့လေ… ခုဟာက ၄ဝ ပြည့်ရုံလေး ရှိသေးတာ ပြီးတော့ ငါတို့ သူ့ကို စိတ်ကျေနပ်တဲ့အထိ မပြုစုလိုက်ရဘူး’’
ဖခင်၏ အသံ တိမ်ဝင်သွားလေပြီ။
အနမ်းတစ်ခုအတွက် လွမ်းသူ့မျက်ရည်များကား ဘယ်သူ့အတွက် ဖြစ်တော့မည်လဲ၊
‘‘ငါ နားမယ်ဆိုရင်… နားလို့ရပြီ… ငါ ပုသိမ်မှာ ခြံလေးတစ်ခြံဝယ်ပြီး ကလေးတွေကို Music သင်ပေးမယ်ကွာ’’ လို့ ပြောခဲ့ရှာသူကား အေးချမ်းငြိမ်းသက်စွာ သံသရာ ခရီးရှည်ကြီးကို ထွက်ခွာသွားရှာလေပြီ၊
‘သံလွင်’ က တရားပြ၊ တရားချတာကို လက်ခံခဲ့သူ၊ ‘ငဝန်’ က ထွေးပွေ့ခဲ့သူ၊
‘ဧရာဝတီ’ ကို တပ်မက်ခဲ့သူအတွက် သူ့စကားတစ်ခွန်းကိုပဲ ဂုဏ်ပြု ဖော်ပြလိုက်ပါရစေ။
‘‘ငါတို့က အဆိပ်ပြင်းတဲ့၊ အန္တရာယ်ရှိတဲ့ အကောင်တစ်ကောင်နဲ့ နေရမှ အရသာရှိတာကွ၊ ဒီအကောင်၊ ဒီအရာကို တို့နိုင်နေရရင် ဘယ်လောက် အရသာရှိသလဲ’’ ဟူသတည်း။
သူသည် အဆုံးစွန်အထိ အကြောက်အလန့်မရှိသူ၊ အန္တရာယ်ကိုတောင် အရသာခံတတ်၊ အလှရှာတတ်သူပင် ဖြစ်ပါတော့သည်။

သိမ်းတင်သား
နရီသစ်မဂ္ဂဇင်း၊ အတွဲ(၁)၊ အမှတ်(၁၀)၊ (၁၁)
ဇူလိုင်၊ ဩဂုတ်၊ ၂၀၀၅ ခုနှစ်။