ထူးအိမ်သင်မွေးနေ – မေငြိမ်း

ထူးအိမ်သင်မွေးနေ – မေငြိမ်း

… ထူးအိမ်သင်မွေးနေ့ …

သူသာရှိရင် ဒီနေ့ အသက် ၄၄နှစ် ပြည့်မှာ။
ဘဝမှာ ဂီတ အနုပညာကို စိတ်ကြိုက်လုပ်တဲ့သူ။
သူတပါးအပေါ် ရက်စက် ကောက်ကျစ် လုံးလုံး မရှိသူ။
မှန်တယ်လို့ သူယုံကြည်သမျှကို ရဲရဲပြောတဲ့သူ။
အမှန်အတိုင်း ပြောလွန်းလို့ မမှန်ကန်တဲ့သူတွေက ရွံ့ကြောက်ရသူ။
သူဘာပဲပြောပြော ဘယ်လိုပဲပြောပြော ဘာတွေပဲလုပ်လုပ်
သူ့ကို လေးစားချစ်မြတ်သူတွေ အများကြီးရှိတဲ့သူ..။
သူ့ကို ကျမကလည်း ကိုငှက်လို့ပဲ ခေါ်ပါတယ်။
သူနဲ့ လေထန်ကုန်းမှာ.. RIT ထဲက မေတ္တာပေါင်းကူးမှာ..
မိန်းထဲက အရှည်ကြီးမှာ… ဦးချစ်ဆိုင်မှာ.. လှိုင်ကျောင်းဝင်းထဲမှာ..
ခရမ်းပြာမှာ.. အိုအေစစ်မှာ.. စကားတွေ ပြောခဲ့ကြတာ။
သူ့ရဲ့ ပထမဆုံး ..
နာရီပေါ်က မျက်ရည်စက်များ စီးရီးအတွက် ပိုစတာတွေ
ကျောင်းထဲမှာ သူကိုယ်တိုင် လိုက်ကပ်တော့..
ကျမတို့ အပျော်လိုက် ကူကပ်ကြတာ။
သတိအရဆုံးကတော့
သူစိတ်ကူးပေါက်တဲ့အခါ RIT ဝင်းထဲလာပြီး
ဂျီဟောရှေ့မှာ သီချင်းဆိုတာတွေ။
ဂျီဟောရှေ့ ဘောလုံးကွင်း အစပ်မှာ ထိုင်ကြရင်း..
ညမှောင်မှောင်မှာ သီချင်းဆိုရတာ သူပျော်တယ်။
ထုံးစံအတိုင်း ဂျီဟောက ကျမ အိမ်နဲ့လည်းနီး..
ဝါသနာကလည်း မသေးသူဆိုတော့
အဲဒီ အုပ်စုလေးထဲ မကြာခဏပါဖြစ်..။
ဝေးသွားတဲ့အခါ.. ကို သူနဲ့အတူ ဝိုင်းအော်…။
သူက မေဆွိသီချင်းတွေ.. ဟေမာနေဝင်းသီချင်းတွေ..
ကော်နီသီချင်းတွေပါ ဆိုသေးတာ။ တွံတေးသိန်းတန်သီချင်းတွေလည်းပါ။
ဂျီဟောဆောင်သူတွေရဲ့ ဂျင်းသုတ် လဘက်သုတ်နဲ့.. ထုံးစံအတိုင်းပေါ့..။
ကျမက မဟာဝိဇ္ဇာဘွဲ့အတွက်
မြို့မငြိမ်းသီချင်းတွေကို စာပေရှုထောင့်ကနေ ကျမ်းပြုခွင့်ရတော့
တော်တော်များများက ကောင်းလိုက်တာ..တဲ့။
သူကတော့ မကောင်းဘူးတဲ့။
ခင်ဗျားလုပ်တာ ပြည့်စုံမှာ မဟုတ်ဘူးဗျ..
မြို့မငြိမ်းက မြူးဇစ်ဘုရား..
သူ့သီချင်းတွေက ဂီတကို အဓိကထားတာ..
ဂီတမပါဘဲ သူ့အကြောင်းရေးတာ ဘယ်လိုလုပ်ကောင်းမှာလဲတဲ့။
ကျမဖြင့် ခြေကုန်လက်ပမ်းကျရော။
တကယ်လည်း သူပြောတာ အမှန်ပဲ..
သူက မြို့မငြိမ်းသီချင်းတွေရဲ့ ဂီတပိုင်းတွေကို
ဘယ်လိုပြော.. ဘယ်လို ချဉ်းကပ်ဆိုတာတွေ ပြောပြောပြပေမဲ့
ကျမကျမ်းက ရသစာပေမြောက်ကြောင်းကိုသာ ရေးရတာမို့ မပြည့်စုံနိုင်ခဲ့။
သူကတော့ အနုပညာအရာမှာ တကယ့် မှော်အောင်သူ။
ကျမနဲ့သူ အဲလို ရင်းနှီးပေမဲ့ ..
ကျမ သူ့အကြောင်းကို မှော်ဆရာရဲ့ အိပ်မက်များ လို့
နာမည်ပေးပြီး စာအုပ်ရေးချင်တာ သူလက်မခံခဲ့။
(တကယ်လို့ သူလက်ခံခဲ့ရင်တောင် သူ့အကြောင်းကို ကျမ
ကောက်ကြောင်းလောက် ရေးနိုင်ဖို့တောင် လွယ်မယ် မထင်)။
ဒါပေမဲ့ တနေ့နေ့မှာတော့ သူ့ ခံစားချက်တွေ သူ့စရိုက်တွေကိုတော့
ဇာတ်ကောင်လုပ်ပြီး ဝတ္ထုရေးချင်ပါသေးတယ်။
အဲသလိုပဲ..
ဂီတကျွမ်းကျင်သူတွေရေးမယ့်
ဂီတမှော်ဆရာ ထူးအိမ်သင်အကြောင်းကိုလည်း
ကျမ ဖတ်ချင်လှပါတယ်။

မေငြိမ်း
(ဇူလိုင်၁ရက်)
ဆရာမထံမှ ခွင့်တောင်းပြီး ဆရာမ မေငြိမ်း၏ blog မှ ပြန်လည် ကူးယူ ဖော်ပြသည်။