ကိုင်ဇာ မှတ်မိတဲ့ ထူးအိမ်သင် – ကိုင်ဇာ

ကိုင်ဇာ မှတ်မိတဲ့ ထူးအိမ်သင် – ကိုင်ဇာ

… ကိုင်ဇာ မှတ်မိတဲ့ ထူးအိမ်သင် …

ကျွန်တော်အပြင်က ပြန်လာတယ်၊ အခန်းလေးတစ်ခန်း ကျွန်တော့်စိတ်ထဲမှာ
အဲဒီအခန်းလေးဟာ ကျွန်တော့်အိမ်ပဲ။ ကျွန်တော်အခန်းလေးတံခါးကို ဖွင့်ပြီးဝင်လိုက်တော့
ထူးအိမ်သင်ထိုင်နေတယ်။ မျက်မှန်တပ်မထားလို့ ရုတ်တရက် ကျွန်တော်ကြောင်သွားတယ်။
“ဟေ့ကောင်မင်းက ဒီမှာ ဘာလာလုပ်နေတာတုန်းဆိုတော့ ကျွန်တော်
ထောင်ကလွတ်လာတယ် အစ်ကို။ ကျွန်တော် အစ်ကို့ဆီ ပြန်လာတာ။ အေး.. ကောင်းတာပေါ့”
လို့သူ့မျက်နှာကို သေချာကြည့်ပြီး အဲဒီအချိန်မှာ ကျွန်တော်ဝမ်းသာသလိုပဲ။
သူ့မျက်နှာကို ကျွန်တော်ကြည့်ပြီး လန့်နိုးသွားတယ်။ အိပ်မက်ဗျာ…အိပ်မက်။
တကယ်တော့ ထူးအိမ်သင်ဟာ ထောင်ကျတာမှ မဟုတ်ဘဲ။ အိပ်ရာနိုးတော့မှ စဉ်းစားတယ်။
ထူးအိမ်သင် သေသွားပြီပဲ။ ကျွန်တော့်ကို အိပ်မက်လာပေးသွားတယ်။ ဒါမှမဟုတ်
ကျွန်တော့်ဘာသာ စွဲလမ်းပြီး မက်တာလား မသိပါဘူး။ တစ်ခုတော့ရှိတယ်။ ထူးအိမ်သင်
သီချင်းလေးတွေ ကျွန်တော် ဒီနေ့အထိ နားထောင်တယ်။ ကာရာအိုကေ
ဆိုင်ရောက်ရင် ထူးအိမ်သင် သီချင်းလေးတွေ ဆိုလေ့ရှိတယ်။
ကျွန်တော့်သီချင်းကို ကျွန်တော် မဆိုဘူး။ သူများသီချင်းတွေပဲ ဆိုလေ့ရှိတယ်။ ကျွန်တော်
အူကြောင်ကြောင်နဲ့ အိပ်ရာက နိုးတယ်။ ဟင်… ထူးအိမ်သင် ငါ့ဆီကိုလာတယ်။
ဘာလုပ်ရမလဲတောင် မသိဘူး။ ဪ…. အေး အိပ်မက်ပဲလေဆိုပြီး မေ့ပစ်လိုက်ပါတယ်။
တိုက်တိုက်ဆိုင်ဆိုင်ပဲ ကျွန်တော် ကာရာအိုကေဆိုင် ပိတ်ထားတော့ အဲဒီကသိမ်းလာတဲ့
ဗွီစီဒီ ကာရာအိုကေ ခွေလေးတွေ အကုန်လုံးပါပဲ။ ကျွန်တော့်မှာ ရှိတယ်။ အဲဒီထဲမှာ
ထူးအိမ်သင် သီချင်းခွေလေးတွေ ဘာရယ်မဟုတ်ပါဘူး၊ ပြန်ရှာပြီးတော့ ဆိုပစ်လိုက်တယ်ဗျာ။
“xxx သန့်သန့်ရှင်းရှင်းနေထိုင် အသက်ရှင်မယ် xxx ”
“မကောင်းမှုလုပ်ဖို့ အချိန်တွေ နှမြောပါတယ် xxx ” ထူးအိမ်သင် ဆိုသွားခဲ့တဲ့
“နာရီရဲ့ သီချင်း” ထဲက စာသားဟာ အသက်ရှင်နေသူတိုင်းအတွက် ရှိသင့်တဲ့
ကိစ္စလေ။ ကျွန်တော်သွားသတိရတယ်။ ကျွန်တော်မြန်မာပြည်ကို ပြန်ရောက်ကာစ ၁၉၉ရမှာ
အဲဒီတုန်းက ကျွန်တော် ခြောက်မိုင်ခွဲမှာ နေခဲ့တာ။ ကျွန်တော့်အိမ်မှာက Recording ပစ္စည်းလေးတွေ ဆင်ထားတာရှိတယ်။
ဟိုရောက်စဉ်ကာလတုန်းကတည်းက ဝါသနာကပိုတောင် မစွန့်နိုင်လို့ အားတဲ့
အချိန်လေးတွေ အလုပ်လုပ်ပြီး ဒီကိုပြန်လာတော့လည်း အဲဒီပစ္စည်းလေးတွေ ပါလာတော့
ကျွန်တော်အခန်းထဲမှာ ဆင်ထားတယ်။ အဲဒီမှာ နေ့တိုင်းလာတတ်တာ ထူးအိမ်သင်နဲ့ ညီညီသွင်။
သူတို့နှစ်ယောက် မိုးလင်းရင် ရောက်လာပြီ။ တီးကြ၊ ဆိုကြပေါ့။တီးကြ၊
ဆိုကြဆိုတာ မတီးချင်တဲ့အကောင်က အိပ်။ တီးချင်တဲ့အကောင်က တီး။ ဆိုချင်တဲ့
အကောင်ကဆို။ အဲလိုမျိုးနေတာ။ အဲဒီတုန်းက ကျွန်တော် စီးရီးလေးတစ်ခုလုပ်တာ
အဲဒီစီးရီးလေးအတွက် ညီညီသွင်က သီချင်းရေးပေးတာ။ ၉ရ ခုနှစ်က ထုတ်ဖြစ်တဲ့
စီးရီးထဲမှာပါတဲ့ ဘုရင်မလေးဆိုတဲ့ သီချင်း၊ အခုနောက်ပိုင်း City FM မှာတုန်းက သံသာဝင်းနဲ့
နွဲ့ယဉ်ဝင်းက ရှင်ဘုရင်လေး ဆိုပြီး ပြန်ဆိုသွားတဲ့ သီချင်းလေးပေါ့။ အဲဒါလေးကို
ကျွန်တော်တို့က Arrangement လုပ်နေတာ။ ကျွန်တော်နဲ့ ညီညီသွင်နဲ့
နှစ်ယောက်ပေါ့။ အဲဒီမှာ ထူးအိမ်သင်က အိပ်လို့၊ ကျွန်တော့်အခန်းက အကျယ်ကြီးပဲ၊
ကုတင်လည်း မရှိဘူး။ ထောင့်တစ်ထောင့်မှာ မွေ့ယာကြီးချပြီး အဲဒီမှာပဲ အိပ်တာ။
ကျွန်တော်တို့ရဲ ကမ္ဘာလေးပေါ့ဗျာ။ ထူးအိမ်သင်က ကျွန်တော့်မွေ့ယာမှာ အိပ်နေတာ။
ဖီးလ်ယူပြီး အေးအေးဆေးဆေးလေး နားထောင်နေတာ။ မျက်စိလေးမှိတ်ပြီး အိပ်နောတာ။
ကျွန်တောိတို့သီချင်း Arrangement လုပ်နေတဲ့အချိန်မှာ
“ဟာ..အဲဒါဟိုဟာလေးထည့်လိုက်ရင် ပိုမိုက်သွားမယ်” ဆိုပြီး တစ်ခေါက် နှစ်ခေါက်
လှမ်းပြောတယ်။ ကျွန်တောိတို့ နှစ်ယောက်က “ဒီကောင်ကွာ လာနောက်နေတယ်” ဆိုပြီး
အဲဒါနဲ့ သီချင်းဆက်လုပ်ပြန်ရော။ ခဏနေ သူအိပ်ရာကနေ “ဟာအစ်ကိုကြီး
အဲဒါလေးအရမ်းကောင်းတယ်ဗျာ” လို့ ပြောပြန်ရော။ခဏနေရင် “ဟာ အစ်ကိုကြီး
အစ်ကိုကြီး ခုဏကလုပ်လိုက်တဲ့ အကွက်လေး အဲဒါလေးမိုက်တယ်။ အဲဒါလေးပြန်ထည့်” လို့
ပြောပြန်ရော။ ဒီကောင်က အိပ်သာအပ်နေတာ။ အာရုံက ကျွန်တော်တို့ ဆီမှာကိုး။ အဲဒါနဲ့
သီချင်းလုပ်ပြီးတော့ ဒီကောင်က ထလာပြီး ဂစ်တာကို ဘာမပြော၊ ညာမပြောနဲ့ယူ
အဲဒီသီချင်းစာသားလေးကို ကောက်ပြီးဆိုလိုက်တာ။ ကျွန်တော့်သီချင်းက Disco Beat လေးနဲ့
“ကိုယ့်ရဲ့ဘုရင်မလေးဟာ ကြင်နာစွာမြှောက်စား၊ မင်းအနားမှ
ခစားပါရစေလား။” သူက ဘာမပြော၊ ညာမပြောနဲ့ ထပြီးတော့ အဲဒီသီချင်းကို Slow Rock လိုလို၊ Jazz လိုလို၊ အသံဆန်းဆန်းလေးတွေနဲ့
ရောပြီး အဲဒီစာသား လေးတွေကို လှမ်းလှမ်းကောက်ထည့်ပြီး ဆိုပစ်လိုက်တယ်ဗျာ။
အဲဒါနဲ့ ကျွန်တော်ကလည်း ဘာရယ်မဟုတ်ဘူး ကက်ဆတ်နဲ့ အသံသွင်း
ကောက်ဖမ်းလိုက်ရော။ အဲဒါနဲ့ အဲဒါလေးဟာ သူနောက်ပြီး ဆိုတာပေါ့။
ကျွန်တော်တို့ရေးတဲ့ စာသားဟာ သူ့စိတ်ထဲမှာတော့ ခံစားရတာ တစ်မျိုးပေါ့။
သူကအဲဒီအတိုင်း ဆိုပစ်လိုက်ရော။ ပြီးတော့ သူပြန်အိပ်နေပြန်ရော။
ကျွန်တော်နဲ့ ညီညီသွင်က သီချင်းနောက်တစ်ပုဒ် ဆက်လုပ်တယ်။ အဲဒါ
နှစ်ပေါင်းကြာခဲ့ပြီနော်။ ၁၉၉ရ ခုနှစ်က။
တလောက ကျွန်တော်အိမ်ပြန်သွားတယ်။ တိတ်ခွေဟောင်းတွေ အများကြီးပဲ
ဘာတွေမှန်းလဲ မသိဘူး။ အခွေတွေက ဘာမှလည်း မရေးထားဘူး။ အခွေတွေကို
အကုန်နားထောင်နေတုန်းမှာ ကျွန်တော်နဲ့ ညီညီသွင် Arrangement လုပ်တုန်းက ကျွန်တော်
ကူးထားတဲ့ ထူးအိမ်သင် အသံလေး ထွက်လာတယ်။ အဲဒီတုန်းက ငှက်ကြီးဆုံးတာ နှစ်ပတ်လည်။
အဲဒါနဲ့ ကျွန်တော် အဲဒီအခွေလေးကို ကွယ်လွန်သွားတဲ့ သူငယ်ချင်းတစ်ယောက်ရဲ့
အသံပါတယ်ဆိုပြီး သိမ်းထားတယ်။ သူ့ရဲ့အသံနဲ့ သီချင်းခွေတွေ အများကြီး
ကျန်ခဲ့တယ်ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် သူ့ရဲ့စိတ်လို၊ လက်ရ
အိပ်ရာကထပြီး ကောက်ပြီးတော့ ဆိုလိုက်၊ တီးလိုက်တဲ့ အဲဒီသီချင်းခွေလေးကို
ကျွန်တော် သေသေချာချာပြန်ပြီး သိမ်းထားတယ်။ အဲဒီတုန်းက မနှစ်ကပေါ့နော်။ လီယိုနာ့ဒ်
စတူဒီယိုမှာ ကျွန်တော် Own Tune စီးရီးလေး သွင်းတယ်။ အဲဒီမှာ လီယိုနာ့ဒ် မောင်မောင်လွင်နဲ့
ကိုညီထွဋ်တို့နဲ့ နေ့တိုင်း ဆုံဖြစ်တယ်။ တစ်ရက် ကျွန်တော် အဲဒီအခွေလေး
ယူသွားတယ်။ အဲဒီမှာ သူဆိုနေတဲ့ အချိန်မှာ ကျွန်တော် အဲဒီအခွေလေးကို ဖွင့်ပြတယ်။
“ဟေ့ကောင်တွေ နားထောင်စမ်း၊ ဒါဘယ်သူ့အသံလဲ သိလာပေါ့”။ အဲဒီအချိန်မှာ City FM အခွေက ထွက်ကာစ သီချင်းလေးကို
မှတ်မိနေတဲ့အချိန်၊ စာသားက ဒီစာသား၊ အသံနာထောင်တော့ ငှက်ကြီးအသံဆိုပြီးတော့
နားထောင်ရင်း သူငယ်ချင်းတွေ ငြိမ်သွားတယ်။ မောင်မောင်လွင်က တော်ပါတော့ကွာ၊
ပိတ်လိုက်ပါတဲ့။ ဟုတ်တယ်၊ သူမခံစားနိုင်တော့ဘူး။ ကျွန်တော်လည်း မခံစားနိုင်ဘူး။
အဲဒီမှာ ကျွန်တော်အမှတ်တရ အနေနဲ့ဖွင့်ပြလိုက်တဲ့ အခွေလေးဟာ အားလုံးရင်ထဲမှာ
လှိုင်းခတ်သွားမယ် ထင်တာပဲ။ ကျွန်တော်ဟာ ပရိတ်သတ်တစ်ယောက်အနေနဲ့
ထူးအိမ်သင်ရဲ့ အခွေတွေကို ကြိုက်တုတ်းပဲ။ ကျွန်တော် အိပ်မက်မက်နေတုန်း၊
အကြင်နာအိပ်မက် ဖြစ်ချင်ဖြစ်မယ်။ ဒါပေမယ့် သတိရကြောင်း အိပ်မက်ဖြစ်မယ်။
“ငှက်ကြီးရေ ငါတို့မင်းကို အိပ်မက်မက်နေတုန်းပဲကွာ။”

ကိုင်ဇာ
စာမျက်နှာ ၂၀၄ ရတီ မဂ္ဂဇင်း ၊ ဩဂုတ်လ ၂၀၀၆။