ထူးအိမ်သင်ကွယ်လွန်ခြင်း၂နှစ်ပြည့်မှာ စောဝေပြောတဲ့ပုလွေသံ – သတိုးလွင်

ထူးအိမ်သင်ကွယ်လွန်ခြင်း၂နှစ်ပြည့်မှာ စောဝေပြောတဲ့ပုလွေသံ – သတိုးလွင်

… ထူးအိမ်သင်ကွယ်လွန်ခြင်း၂နှစ်ပြည့်မှာ စောဝေပြောတဲ့ပုလွေသံ …

ဩဂုတ်လ ၁၄ ရက်နေ့ဟာ ဂီတပညာရှင် ထူးအိမ်သင်ကွယ်လွန်ပြီး နှစ်နှစ်ပြည့်တဲ့နေ့ ဖြစ်ပါတယ်။ ထူးအိမ်သင်ရဲ့ကဗျာလက်တွဲဖော်များထဲက ကဗျာဆရာကိုစောဝေက ကိုယ်ပိုင်သံစဉ် လို့ အော်နေကြတဲ့အချိန်မှာ ကိုငှက်(ထူးအိမ်သင်)ဟာ နိုင်ငံခြားသား ဂီတပညာရှင်တစ်ယောက်လို ဒါဟာ တကယ်ကိုယ်ပိုင်တဲ့ဂီတဖြစ်တယ်ဆိုတာကို ခိုင်ခိုင်မာမာပြခဲ့တာနဲ့ပတ်သက်ပြီး နောင်လာ နောက်သားတွေ အတုယူလို့ရအောင်၊ သိလည်းသိထားရအောင် ကိုငှက်(ထူးအိမ်သင်)ရဲ့ နှစ်နှစ်ပြည့် အမှတ်တရအဖြစ် ပေါ်ပြူလာဂျာနယ်ကို ယခုလိုပြောပြခဲ့ပါတယ်။
ဒီလ ဩဂုတ်လဟာ ကိုငှက်(ထူးအိမ်သင်)ရဲ့ ကွယ်လွန်ခြင်း နှစ်နှစ်ပြည့်တဲ့လပေါ့။ သူ့အတွက် ပြောစရာလေးအဖြစ် ဦးလာတာက တော့ ဓာတ်ပုံလေးတစ်ပုံပေါ့။ ဦးမြတ်ခိုင်က အဲဒီဓာတ်ပုံလေးကို ကျွန်တော့်ကို လက်ဆောင်လာပေးတယ်။ အဲဒီဓာတ်ပုံထဲက ကိုမြင့်မိုး တို့ ဆိုရင်လည်း သူ့ဟာနဲ့ သူ့အလုပ်တွေရှုပ်နေကြတယ်လေ။ ဒီဓာတ်ပုံလေးဟာ လွန်ခဲ့တဲ့ခြောက်နှစ်၊ ခုနစ်နှစ်လောက်က ရိုက်ခဲ့တဲ့ ဓာတ်ပုံလေးပေါ့။
အဲဒီဓာတ်ပုံထဲမှာပါတဲ့ လေးယောက်က ကျွန်တော်ရယ်၊လီယိုနာဒ်မောင်မောင်လွင်၊ ကိုမြင့်မိုးအောင်၊ ပြီးတော့ ကိုငှက်(ထူးအိမ်သင်)ပေါ့။ ဒီဓာတ်ပုံလေးက ဘာထူးခြားနေသလဲဆိုရင် ပုံထဲမှာ ကျွန်တော်တို့ သုံးယောက်က ကိုငှက်တစ်ခုခု ပို့ချနေတာကို အာရုံစိုက်ပြီး နားထောင်နေကြတဲ့ပုံစံမျိုး။ နောက် ဒီနှစ်ဒီကာလ မှာ မျိုးဆက်သစ် အဆိုတော်လေးတွေက မီဒီယာစာမျက်နှာတွေပေါ်မှာ ဘာတွေပြောလာကြသလဲဆိုတော့ ပြည်တွင်းပဲဖြစ်ဖြစ်၊ ပြည်ပမှာပဲ သွားရောက်ဖျော်ဖြေတာဖြစ်ဖြစ် ကိုယ်ပိုင်သံစဉ်တွေကိုပဲ ဖန်တီးသီဆို တော့မယ်လို့ တော်တော်များများ ပြောလာကြတာကို တွေ့ရတယ်။ အဲဒါနဲ့ဆက်စပ်ပြီး ကျွန်တော်တစ်ခု ပြောချင်တယ်။ ကိုငှက်ရဲ့ နောက်ဆုံးခရီး ပုသိမ်ကိုသွားတဲ့ အကြောင်းလေးပေါ့။ တော်တော်လေး ဂုဏ်ယူစရာ ကောင်းသလို၊ ကြေကွဲစရာလည်းဖြစ်တယ်။ ကိုမြင့်မိုးဘက်ကလည်း အဲဒီအချိန်တုန်းက ဒီကိစ္စကို စာမျက်နှာ ပေါ်မှာ မပြောခဲ့ဘူးပေါ့။ အခုသိပ်မကြာခင်က မဂ္ဂဇင်းတစ်စောင်မှာ ကိုမြင့်မိုးဘက်က ပြောလာတာ ဖတ်လိုက် ရတယ်။ ကိုလူမင်းကလည်း ကျန်စစ်မင်းနဲ့ပတ်သက်ပြီး ပေါ်ပြူလာမှာလည်း ပြောခဲ့တာကိုလည်း ကျွန်တော် ဖတ်လိုက်ရတယ်။ အဲဒါက ဘာလဲဆိုတော့ ကိုလူမင်း မလေးရှားမှာ ကျန်စစ်မင်းဇာတ်ကားအတွက် ကားသွား ဆက်တော့ အဲဒီဇာတ်ကားမှာ သုံးမယ့်ပုလွေသံအခွေကြမ်းလေးကို ကိုငှက်က ထည့်ပေးလိုက်တယ်။ အဲဒီမှာ မလေးက ဂီတပညာရှင်တစ်ဦးက ဒီသံစဉ်ကို ဖန်တီးတဲ့သူနဲ့ တွေ့ချင်တယ်ဆိုပြီး ကိုလူမင်းတို့ သားအဖကို အကူအညီတောင်းတယ်။ အဲဒါက ကိုလူမင်းပြောခဲ့တဲ့အပိုင်းပေါ့။
အခု ကျွန်တော်က ကျန်တဲ့အပိုင်းလေးကို ဆက်ပြောပြမယ်။ ကိုငှက်နဲ့ ကျွန်တော်တို့တွေ ကဗျာ Work Shop လေး လုပ်ဖြစ်နေတဲ့အချိန်မှာ သူ့လွယ်အိတ်ထဲမှာ တခြား Instument တွေမဟုတ်ဘဲနဲ့ မြန်မာဖြစ်ပုလွေ အကြီး၊ အလတ်၊ အသေး သုံးမျိုးလောက်ပါပါလာတာကို တွေ့ရတယ်။ နောက်တော့ သူကပဲ ပြောလာတယ်။ ကိုလူမင်းက ကျွန်တော့်ကို ပုဂံကားတစ်ကားအပ်ထားတယ်တဲ့။ အဲဒီမှာသုံးမယ့် ပုလွေသံကို အခုအချိန်အထိ အားမရသေးဘူးဗျာတဲ့။ ပြီးတော့ မြန်မာနိုင်ငံမှာရှိတဲ့ Recording တွေမှာ အသံဖမ်းတာလည်း သူအားမရသေး ဘူး။ သူလိုချင်တဲ့အရသာကို မရသေးဘူးပေါ့ဗျာ။ ကျွန်တော်တို့နဲ့ ပြောစရာရှိရင်ပြောမယ်။ ပြောစရာမရှိရင် အဲဒီပုလွေကိုမှုတ်ပြီး သံစဉ်ရှာကြည့်နေတယ်။ ဒီလိုနဲ့တစ်ရက် ကျွန်တော်ရယ်၊ ကိုငှက်ရယ်၊ ကိုနေမျိုးဆေး ရယ် သုံးယောက်ဆုံနေကြ Mr. Guiter က စားပွဲလေးမှာ ဆုံဖြစ်တယ်ပေါ့။ ကိုနေမျိုးက မရောက်သေးဘူး။ အဲဒီမှာ သူကဘာပြောသလဲဆိုတော့ ဒီညဧည့်သည်တစ်ယောက်လာမယ်တဲ့။ မလေးကဂီတပညာရှင်တဲ့။ အဲဒါနဲ့သိပ်မကြာဘူး။ မလေးက ဂီတပညာရှင်ဆိုသူ ရောက်လာတယ်။ ရောက်လာပြီး စားကြသောက်ကြနဲ့ အချိန်တော်တော်ကြာတဲ့အထိ ကိုငှက်ကလည်း ဘာစကားမှမပြောဘူး။ ဟိုဂီတပညာရှင်ကလည်း ဘာမှမပြော ဘူး။ ကျွန်တော်လည်း သူတို့နှစ်ယောက်ကို ကြည့်နေတယ်။ စားသောက်လို့ ပြီးခါနီးအချိန်ကြမှ မလေးဂီတ ပညာရှင်က စပြောတယ်။ “မင်းပေးလိုက်တဲ့ ပုလွေသံဟာ တကယ်ရှိတဲ့ အသံလားတဲ့”။ ကိုငှက်က တစ်ခွန်းပဲ ပြန်ပြောတယ်။ “ဟုတ်တယ်”။ အဲဒီကြမှ ကိုငှက်က ကျွန်တော်နဲ့ မိတ်ဆက်ပေးမယ်။ ပြီးတော့ မလေးဂီတပညာရှင်က ဆက်မေးတယ်၊ “မင်းဒီအသံကို ဘယ်ကရတာလဲတဲ့”။ ကိုငှက်က “ငါဒီအသံကို ပုဂံက ရတာတဲ့”။ မလေးဂီတပညာရှင်က မယုံသလိုအကြည့်နဲ့ “မင်းကျိန်းသေတယ်နော်”၊ ကိုငှက်က “အေး-ကျိန်း သေတယ်”။ အဲဒီမှာဆက်ပြီး မလေးဂီတပညာရှင်က “မင်းအဲဒီပုဂံကို ငါ့ကို လိုက်ပို့လို့ရမလား”။ ကိုငှက်က “ငါလိုက်မပို့နိုင်ဘူး။ မင်းဘာသာသွားပြီး အဲဒီအသံကိုရှာလာခဲ့”။ “မင်းတကယ်ကြားချင်တယ်ဆိုရင် တွေ့ကိုတွေ့မှာပါ”၊ “ဒါပေမဲ့ တစ်ရက်၊ နှစ်ရက်နဲ့တော့မရဘူး။ တစ်ပတ်ဆယ်ရက်နေမှ မင်းရနိုင်မယ်”။ တကယ်ပါ ကိုငှက် အဲဒီအတိုင်းကို ပြောတာပါ။ ကျွန်တော်တောင် ကိုငှက်ကို ဘယ်လိုနားလည်ရမှန်း မသိတော့ဘူး။ ကိုယ့်ဆီလာတဲ့ ဧည့်သည်ကိုတော့ လိုက်ပို့ရမှာပေါ့။ ဒီလိုနဲ့ပဲ မေ့မေ့ပျောက်ပျောက်နဲ့ တစ်နေ့ ကျွန်တော်တို့ Mr. Guiter မှာ ထိုင်နေတုန်း ကိုငှက်က ဟိုမလေးက ဂီတပညာရှင်ပြန်ရောက်နေပြီတဲ့။ ဒီနေ့ သူနဲ့ချိန်းထားတယ်တဲ့။ သိပ်မကြာပါဘူး။ အဲဒီဂီတပညာရှင်ရောက်လာတယ်။ ရောက်ရောက်ချင်း ကိုငှက်ကို ပြောတယ်။ “ဒီတစ်ည မင်းတို့ကို ငါပြုစုပါရစေ”၊ ကိုငှက်က “အိုကေရတယ်”တဲ့။ ဒါပဲပြောတယ်။ အဲဒါနဲ့ ကျွန်တော်တို့တွေ စားကြသောက်ကြ၊ တီးဝိုင်းကို ကြည့်ကြပေါ့။
အချိန်နည်းနည်းကြာလာတော့မှ အဲဒီမလေးဂီတပညာရှင်က ကိုငှက်ကို အင်မတန်လေးစားတဲ့ မျက်လုံးမျိုးနဲ့ကြည့်ပြီး “ငါမင်းကို အရမ်းကျေးဇူးတင်တယ်”၊ “မင်းဒီကပြီးရင် Recording သွားမှာလား”၊ “ငါလိုက်ခဲ့မယ်”။ ကိုငှက်က ပြန်ပြောတယ် တစ်ခွန်းတည်းပဲ။ “မလိုက်နဲ့” တဲ့ဗျာ။ ကျွန်တော်တောင် တော်တော်အားနာသွားတယ်။ အဲဒါနဲ့ မလေးဂီတပညာရှင်က ဆက်ပြောတယ်။ “ငါမင်းကို နောက်ဆုံး တောင်းဆိုတဲ့အနေနဲ့ ငါ့ကို နောက်ထပ် Traditional အသံတစ်သံလောက် လိုက်ပြပါလား”။ ကိုငှက်က ဘာပြန်ပြောသလဲဆိုတော့ “လုံးဝမပြနိုင်ဘူး”။ “မင်းလိုချင်တာရပြီ မဟုတ်လား”။ “မင်းအတွက် လိုအပ်သေး လို့လား”။ မလေးဂီတ ပညာရှင်က “ဆောရီး၊ ငါတောင်းပန်တယ်”၊ “မင်းငါ့ကို အခုရသွားတဲ့ အသံလေးနဲ့ပဲ ပြန်စေချင်တာမလား”။ ကိုငှက်က “အေးဟုတ်တယ်”။ အဲဒီတစ်ခွန်းပဲ ပြန်ပြောတယ်။ နောက်တစ်နေ့မှာ အဲဒီ မလေးဂီတပညာရှင် ပြန်သွားတယ်။ ကျွန်တော် စဉ်းစားကြည့်တယ်။ ကိုငှက်က သူ့ကို ပုဂံရဲ့ဘယ်နေရာ၊ ဘယ်သူ့ဆီသွားဆိုပြီး နေရာအတိအကျလည်း မပြောလိုက်ဘူး။ ဒီလူ ဘယ်ဘုရားကြို၊ ဘုရားကြားက ဒီအသံကို တွေ့သွားပါလိမ့်ပေါ့။ ကိုငှက်ပြောလိုက်တာ တစ်ခုတော့ ရှိတယ်။ မင်းပုဂံရောက်ရင် ဟိုတယ်မှာတော့ အိပ်မနေနဲ့တဲ့။ ဒါပဲ။ သူနဲ့ အဲဒီပညာရှင်နဲ့ ပြောတဲ့စကားဟာ ဒါအကုန်ပဲ။ ကျွန်တော် ပြောချင်တာက ကျွန်တော်သိသလောက်ဆိုရင် ကိုငှက်ကိုလာတွေ့တဲ့ ပညာရှင်နှစ်ယောက်ရှိတယ်။
တစ်ယောက်က အင်္ဂလန်က ကဗျာဆရာမကြီး ရုဒ်ပက်အယ်၊ နောက်တစ်ယောက်က မလေးကဂီတပညာ ရှင်။ အဲဒီနှစ်ယောက်စလုံးဟာ ကိုငှက်ကို လေးစားပြီး ပြန်သွားကြတာချည်းပဲ။ ကိုငှက်က သူ့ဖန်တီးမှုကို လုံးဝအသေအချာ၊ ဒါဟာ ငါတို့နိုင်ငံကဖြစ်တာ၊ ဖန်တီးတာဆိုတာကို သေသေချာချာ ခိုင်ခိုင်မာမာ ပြောနိုင်ပြနိုင်ခဲ့တယ်။ နောက်တစ်ချက်ပြောချင်တာ အဲဒီမလေးဂီတပညာရှင်ဟာ ပုဂံရဲ့ဘယ်နေရာကနေ ဒီအသံကိုရသွားတယ်ဆိုတာ ကိုငှက်ကသေသည်အထိ ကျွန်တော်တို့ကို ပြောမသွားခဲ့ဘူး။ ဒါကြောင့် အခု ကိုယ်ပိုင်သံစဉ်လို့အော်နေတဲ့သူတွေကို ကိုငှက်လို ခိုင်မာဖို့ ပြောချင်တဲ့အတွက်ရယ်၊ ဒီလဟာ ကိုငှက်ရဲ့ နှစ်နှစ်ပြည့်ဖြစ်တာရယ်ကြောင့် အခုလို ပြောရတာပါ။ ကျွန်တော်ကိုငှက်နဲ့ပတ်သက်ပြီး မဟေသီမှာရေးပြီး၊ ပြောပြီးကတည်းက မပြောဖြစ်တာ တော်တော်ကြာပါပြီ။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်တို့ပြောတာ၊ ရေးတာကို ပြန်ဖတ်ရတဲ့ ကိုငှက်ရဲ့အမေဟာ အမြဲတမ်း သူ့သားကို သတိရစွာနဲ့ ဝမ်းနည်းတာကိုလည်း မခံစားနိုင်ပါဘူး။ နောက်တစ်ခုပြောချင်တာက ဩဂုတ်လ ၃ဝ ရက်နေ့မှာ ကျင်းပမယ့် မန္တလေး အဖြူရောင် သက်တံကဗျာရွတ်ပွဲမှာ ကိုငှက်ရဲ့ကဗျာတစ်ပုဒ်ကို တစ်ယောက်သောသူက ရွတ်ဖတ်မှာပါ။ ပြီးတော့ ဩဂုတ်လဟာ ကိုငှက်ရဲ့ နှစ်နှစ်ပြည့်လဆိုတော့ အဲဒီကဗျာရွတ်ပွဲမှာ ကိုငှက်အတွက် အမှတ်တရအစီအစဉ် လေးလုပ်ဖို့ ရှိပါတယ်” ဟု ပြောခဲ့ပါတယ်။

သတိုးလွင်
Popular Journal /vol10_no33/