ကြွေလွင့်သူ ဂီတအနုပညာရှင် ထူးအိမ်သင် ကွယ်လွန် – အားမာန်

ကြွေလွင့်သူ ဂီတအနုပညာရှင် ထူးအိမ်သင် ကွယ်လွန် – အားမာန်

… ကြွေလွင့်သူ ဂီတအနုပညာရှင် ထူးအိမ်သင် ကွယ်လွန် …

“ မြို့ပြရဲ့လမ်းများပေါ် လျှောက်သွားရင်းနဲ့မောပန်းနွမ်းနယ် နှလုံးသား က လွမ်းဆွတ်လို့ တမ်းတမိခဲ့ အမေ့ရဲ့အိမ်ကို အေးမြတဲ့ အမေ့ရဲ့ မေတ္တာရိပ်နဲ့ ဝေးခဲ့သူမို့ …. ” မိခင်အပေါ် ချစ်ခင်ကြင်နာစိတ် ကြီးမားကြောင်း ရင်ထဲကစာသားများနှင့် သက်သေပြပြီး မိခင်မေတ္တာရိပ်နှင့်မခွဲခွာလိုသူ နာမည်ကျော် တေးရေးတေးဆို ထူးအိမ်သင်သည် သူ၏ ချစ်ခင်လှစွာသော အမေ့အိမ်၊ သူ့မိခင် ၊ မိသားစုနှင့် ပရိသတ်များ အားလုံးကို ထာဝရ ခွဲခွာ သွားပြီ ဖြစ်သည်။
ထူးအိမ်သင်မှာကွယ်လွန်သွားချိန်တွင် အသက် ၄၃ နှစ်အရွယ်သာ ရှိသေးပြီး နှလုံးအားနည်းအသက်ရှူ မွန်းကျပ်သော ရောဂါဖြင့် ဩဂုတ်လ ၁၄ ရက်နေ့ နံနက် ၁၁း၄ဝ နာရီ ၌ သုခကမ္ဘာ နှလုံးအထူးကု ဆေးခန်းတွင် ကွယ်လွန်သွားခဲ့ခြင်း ဖြစ်သည်။
“မမျှော်လင့်ဘဲနဲ့ ရုတ်တရက် ကွယ်လွန်သွားတဲ့အတွက် အရမ်းခံစား ရတယ်။ ဘယ်လိုုခံစား ရတယ်လို့ ပြောတောင် မပြတတ်ဘူး။ ဒါပေမယ့် အန်တီဂုဏ်ယူ တယ်။ အန်တီ့သားက တစ်ကယ့် အနုပညာ သမားပီပီသသသန့်သန့် ရှင်းရှင်းဖြူဖြူစင်စင်လုပ်ခဲ့တာတွေကို အရမ်းဂုဏ်ယူတယ်”
ဟုမိခင်ဖြစ်သူ ဒေါ်မြရင်က ပြောပြသည်။
ထူးအိမ်သင်ကွယ်လွန်သွားခြင်း နှင့်ပတ်သက်၍ ဂီတနယ်ပယ်မှလည်း “ သူဆုံးတာ ကျွန်တော်တို့ အတွက် အဆိုတော်တစ်ယောက်ဆုံးသွားတာလည်း ဟုတ်တယ်။ ဆရာသမား တစ်ယောက်ဆုံးသွားတာဆို လည်း ဟုတ်တယ်။ ဒါကြောင့် ဝမ်းနည်း တယ်။ နှမြောတယ်။ သူရဲ့ အရည်အချင်း ကတော့ ပြောပြရင် မကုန်နိုင်ဘူး။ အနီးစပ်ဆုံး ပြောရရင် တစ်ခေတ် တစ်ယောက် ပေါ်တာပေါ့။ ဆယ်စုနှစ်တစ်ခုကို တစ်ယောက် ပေါ် နိုင်တဲ့ သူမျိုး ထဲမှာတောင် မပါဘူး။ တစ်ခေတ်ဆိုတာ အနှစ်တစ်ရာမှ တစ်ယောက်ပေါ်တဲ့လူမျိုး နောင်လည်း သူ့လိုလူမျိုးက ပေါ်လာဖို့ သိပ်မလွယ်ဘူး။ မြန်မာပြည်မှာ ဒီလို အဆိုတော်ရှိတယ်။ ဒီလို အရည်အချင်း ရှိတဲ့ အဆိုတော် ရှိတယ်ဆိုတာ မျိုး ကမ္ဘာကို ထုတ်ပြလို့ ရတယ်။ အဲဒီအထဲမှာ သူပါတယ်။ ဂီတကို အခြေခံကစပြီး ကကြီး ကနေ အ အထိ သူကျွမ်းကျင်တယ်” ဟု တေးရေး မောင်မောင် ဇော်လတ်က ပြောပြသည်။
“လူတွေအပေါ်မှာ မေတ္တာတရား နဲ့ ဉာဏ်ပညာ ကြီးမားစွာ ပြုမူဆက်ဆံတတ်တဲ့ လူသားတစ်ယောက် အနေနဲ့ရော မြန်မာ နိုင်ငံရဲ့ အားကောင်းမောင်းသန် ရှားရှားပါးပါး ဂီတပညာရှင် စစ်စစ်တစ်ယောက် အနေရဲ့ရော တစ်ပြိုင်နက် ဆုံးရှုံးရခြင်း ဖြစ်နေတယ်” ဟု တေးရေးဆရာ ရွှေဂျော်ဂျော် က လည်း ပြောသည်။
“သူရှိနေတုန်းက ခဏခဏ ကြားရတယ်။ ပိုက်ဆံဆယ့်လေးငါးသိန်း ရမယ့် စတိတ်ရှိုး တွေကို ငြင်းပြီး ပိုက်ဆံမရတဲ့ ပွဲ တွေမှာ ဂီတာတီးလိုက် ၊ သီချင်း ဆိုလိုက်နဲ့ငယ်ငယ် တုန်းကအတိုင်း ပျော်မွေ့တတ်တာ သူ့ အကျင့် စရိုက် ။ သူ့ယုံကြည်ချက် အစစ်ပါ။ ဒီလို စစ်မှန်တဲ့ သူမျိုး မို့လည်း ကျွန်တော်တို့ အပါအဝင် နောက်ထပ် လူငယ် မျိုးဆက်သစ်တွေ အတွက် အမြဲ ဩဇာ လွှမ်းနေမှာ ဖြစ်ပြီး အားလုံး အတွက် အစားထိုး မရတဲ့ ဆုံးရှုံးမှု တစ်ခု ဖြစ်ခဲ့ ရပါတယ်” ဟု တေး ရေး ဆရာ မြင့်မိုးအောင် မှ ထူးအိမ်သင် နှင့် ပတ်သက်၍ သူ၏အမြင်ကို ပြောပြသည်။
ထို့ အပြင် လူငယ် ဂီတသမားများ အပေါ် တွင် ထူးအိမ်သင် ၏ အနုပညာ ဩဇာ လွှမ်းမိုးမှု ကြီးမားကြောင်းကို “အဲဒီအချက်ကတော့ သူရဲ့ ကြောက်စရာ ကောင်းလှတဲ့ လေ့လာ လိုက် စားမှု နဲ့ စစ်မှန်တဲ့ မေတ္တာ တရား၊ ကြီးမားလှတဲ့ ဉာဏ်ပညာ ၊ ငွေကြေးနဲ့ အပေါစား ကျော်ကြားမှု အပေါ် မတွယ်ငင် မှု ကြောင့် လို့ ယုံကြည်ပါတယ်” ဟု တေးရေး ဆရာ ရွှေဂျော်ဂျော်မှ ယခုလို သုံးသပ်သည်။
၁၉၈ရ ခုနှစ်တွင် ထုတ်ဝေခဲ့သည့် “နာရီပေါ်မှ မျက်ရည်စက်များ” တေးစီးရီး သည် ထူးအိမ်သင် ၏ ပထမဆုံး တေးစီးရီး အယ်လ်ဘမ် ဖြစ်ပြီး ယခုနှစ် တွင် ထွက်ရှိခဲ့သော “တစ်နေ့စာ အလွဲများ” တေးအယ်လ်ဘမ်သည် သူ့နောက်ဆုံး အယ်လ်ဘမ် ဖြစ်သည်။ သို့သော် နောက်ဆုံး သီဆိုခဲ့သော သီချင်း မှာ ယခုလ ၅ ရက်နေ့ တွင် တူးတူး ၏ သီချင်း ဟောင်းများ ပြန်လည် စုပေါင်း သီဆိုထား သော “အတိတ်မြက်ခင်း စိမ်းများ သို့ အလွမ်း” တေး အယ်လ်ဘမ် အတွက် သီဆို ပေးခဲ့သော “ဇာတ်ပေါင်းခန်း” ဖြစ်သည်။
မကွယ်လွန် မီ အချိန်တွင် တစ်ကိုယ်တော် အယ်လ်ဘမ် အသစ် ထွက် နိုင်ရန် အိုအေစစ် တွင် သီချင်းသွင်းလက်စ နှင့် ကွယ်လွန်သွားခဲ့ခြင်း ဖြစ်သည်။
ဂီတ သက်တမ်း ၁ရ နှစ် ကျော် ကာလတွင် နာရီပေါ်မှ မျက်ရည်စက်များ အယ်လ်ဘမ် မှ တစ်နေ့စာ အလွဲများ အယ်လ်ဘမ် အထိ စုစုပေါင်း တေးအယ်လ်ဘမ် ၁၄ ခွေ ထွက်ခဲ့သည်။ သီဆိုခဲ့သည့် သီချင်း အရေအတွက် မှာ ၂၀ဝ နီးပါး ရှိပြီး ကိုယ်တိုင်ဆို နှင့် အခြားတေးဆို များ အတွက် စုစုပေါင်း တေး သီချင်း ၅၀ဝ ခန့် ရေးစပ် ခဲ့သည်။

အားမာန်
7 DAY NEWS JOURNAL
ရ ရက် သတင်းဂျာနယ်
အတွဲ (၃) ၊ အမှတ် (၂၄)
(စက်တင်ဘာ ၂ – ၈ ၊ ၂၀၀၄)