ငှက်တစ်ကောင်ရဲ့ ကောင်းကင်ယံ – ငြိမ်းအေးအိမ်

ငှက်တစ်ကောင်ရဲ့ ကောင်းကင်ယံ – ငြိမ်းအေးအိမ်

… ငှက်တစ်ကောင်ရဲ့ ကောင်းကင်ယံ …

(၁)
လွန်ခဲ့သော (၁၈)နှစ်ခန့်ကဖြစ်မည် ထင်သည်။
ကျွန်တော်သည် ငှက်တစ်ကောင်နှင့် စတင်မိတ်ဖွဲ့ သိကျွမ်းခွင့်ရခဲ့၏။
ကျွန်တော်တို့နှစ်ဦးအသိမိတ်ဆွေ ဖြစ်ခဲ့ဖူးသည်မှာ သူအမှန်တကယ်နေထိုင်ရာနှင့်
မိုင်ပေါင်းကိုးရာခန့်ကွာဝေးသော တောင်ပေါ် တောအုပ်လေးတစ်ခုထဲရှိ ရွှံ့ကာအိမ်လေး
တစ်လုံးထဲတွင်ဖြစ်သည်ဟု ဆိုလျှင် သင်မအံဩပါနှင့်။
ထိုနေ့က တောင်ပေါ်မိုးတို့သည်းသည်း စွေနေသည်။ မှတ်မှတ်ရရ ထိုနေ့တွင် ကျွန်တော်တို့
အပြင်မထွက်ဖြစ်ခဲ့။ ပြတင်းပေါက်မှ လှမ်းမြင်နေရသော မိုးကြောင့်မှုန်နေသည့် ပြင်ပ
မြင်ကွင်းတွင် တွေ့နေရသမျှ အရာရာသည် စိမ့်ညို့ညို့။ ကျွန်တော်တို့နှစ်ဦး၏
ခန္ခာကိုယ်တို့သည်လည်း သံလွင်ရောင်တောက်လျက်။ ရွာချနေသည့် မိုးရေများမှတပါး
မြင်သမျှသည် စိမ်းပလွန်း၏။
ပစ္စုပ္ပန်သည် အစိမ်း။ အနာဂတ်သည် အစိမ်း။ တောင်စဉ်တောင်တန်းတို့သည် အစိမ်း။ စိတ်ခွန်အားတို့
သည်ပင်လျှင် အစိမ်း။ တောက်လောင်တက်<ကနေခဲ့သော နေ့ရက်များ ဖြစ်သည်။
ဝါးကုတင်နှစ်လုံးပါသော အခန်းငယ်၏ အလယ်တွင် ဝါးကွပ်ပျစ်သည် စားပွဲတစ်ခု အသွင်ဖြင့်ရှိ၏။ ထိုစားပွဲပေါ်တွင် ဒစ်ဒါဒါ.. ဒါဒစ်ဒစ် စသဖြင့် အသံကို အသံဖြင့် သင်္ကေတပြုတတ်သော ရေဒီယိုစက်ကလေး ရှိသည်။ တိုးလို့တွဲလောင်း ချိပ်ဆွဲထားသော အရာများရှိသည်။ အစိမ်းရောင် အဖုံးပိတ်ရေဘူး တစ်လုံးထဲတွင် ဒေသဖြစ် ဆန်အရက်များ ရှိသည်။ နုပျိုသော အသက်အရွယ်ဖြင့် အစိမ်းရောင် သက်ရှိ နှစ်ဦးရှိသည်။ တရုတ်လုပ်ကက်ဆက် ကြမ်းကြမ်း တစ်လုံးရှိသည်။ မနေ့က လူကြုံဖြင့်ရ လာသော တိတ်ခွေလေးတစ်ခွေကို ထည့်လိုက်သောအခါ ကျွန်တော့်အတွက် အစိမ်းသက်သက် ဖြစ်နေသည့် အသံတစ်ခု ထွက်ကျလာသည်။ ကြားကြားခြင်း စွဲလမ်းခဲ့ရသော ထိုအသံသည် နောင်တွင် ငှက်အဖြစ် ကျွန်တော်သိကျွမ်းခွင့် ရခဲ့သူတစ်ဦး၏ အသံဖြစ်သည်။
“နာရီပေါ်မှ မျက်ရည်စက်များ”
(၂)
တန်ဖိုးကြီးမြတ်သော ငှက်တစ်ကောင်နှင့် လူတစ်ယောက်တို့၏ စတင်တွေ့ဆုံပွဲသည် ဤမျှရိုးရှင်းပြီး
ကြီးကျယ်ခန်းနားစွာ ဂန္ထဝင် မြောက်ခဲ့၏။ တောင်ပေါ်တွင် မိတ်ဆွေဖြစ်ခဲ့သော ငှက်တစ်ကောင်ကို
ပင်လယ်ကူးသဘောင်္ တစ်စီး ပေါ်တွင် စာဖတ်ရင်း လိုက်ပါသွားစေကာ အပြီးတိုင် ခွဲခွာနှုတ်ဆက်
ထွက်ခွာခိုင်းသည့် ဇာတ်ညွှန်းမျိုးကို ကံကြမ္မာက ကျကျနန ရေးပေးလိမ့်မည်ဟု မိတ်ဆွေ
ကြိုတင်မှန်းဆ နိုင်ခဲ့ပါမည်လား။
(၃)
“မျက်ရည်စက်”သည် ကျွန်တော့်အဖို့ လူစိမ်းတစ်ယောက်ဆိုထားသော အသံစိမ်း တစ်ခုဖြစ်သော်လည်း
တစ်ဘက်ဝါးကုတင်မှ မိတ်ဆွေအတွက်မူ အစိမ်းသက်သက်မဟုတ်ခဲ့။ ပြန်လည်တွေ့ဆုံဖို့
မဖြစ်နိုင်သော အလွန်ရင်းနှီး ခဲ့ဖူးသူတစ်ဦး၏ အသံကို သူပြန်ကြားနေရခြင်း ဖြစ်သည်။
ထိုအသံသည် သူ့ဘဝ၏ အစိတ်အပိုင်း တစ်ခုဖြစ်ခဲ့ဖူးမည်မှာ သေချာသည်။
သူ့မျက်ဝန်းများသည် လွမ်းစိတ်ဖြင့် ညို့မှိုင်းငေးရီ။ ထိုသီချင်းများကို ကြားနေရသည့်
ခဏတွင်၊ ပုသိမ်၊ ကမာရွတ်၊ အဆောင်၊ ဂီတ၊ ဘဝ အားလုံးတို့သည် အစိမ်းရောင်ဆေးခွက်ထဲ
ပျော်ဝင်လုံးထွေးသွားခဲ့ပုံရသည်။
အဘယ့်ကြောင့်ဆိုသော် ငှက်ကိုယ်တိုင် လွမ်းလွမ်းဆွတ်ဆွတ်ဖြင့် “ညီလေးရေ”ဟု တမ်းတခေါ်ငင်ခဲ့သည့်
သီချင်းတစ်ပုဒ်သည် သူကိုယ်တိုင်ပင် ဖြစ်နေသောကြောင့်ပင်။ ထန်ထန်မစဲ ရွာချလိုက်သော
မိုးသံတို့ ကျွန်တော်တို့နှစ်ယောက် နားထဲသို့ တိုးမပေါက်ခဲ့။ သီချင်းကို အလွမ်းဖြင့်
နားထောင်ရသည့် အခိုက်ပေါ်ပေါက်လာတတ်သည့် နာကြင်ခံခက်မှုမျိုးကို ခင်ဗျားကြုံဖူးပါသလား။
ကျွန်တော်တို့၏ အိမ်လွမ်းစိတ်ပြင်းပြင်းကို သူ့သီချင်းများဖြင့် ခွက်ချင်းတိုက်
မော့သောက်လိုက်ပြီး ဘဝထဲ စီးနင်းဝင်ရောက်လာခဲ့သူမှာ အမြင့်ပျံငှက်တစ်ကောင်
အဖြစ် ထင်ရှားသော လူ ထူးအိမ်သင် ပင်ဖြစ်သည်။
(၄)
၁၉၉၅ဝန်းကျင်။
မိုးသည်းသည်းအောက်က တောင်ပေါ်တဲကလေးတွင် နေထိုင်ရှင်သန်ခဲ့ဖူးသော လူစိမ်းစိမ်းနှစ်ယောက်၊
မြို့ပြလမ်းမများနှင့် ပြန်လည် အသားကျစ ပြုချိန်ဖြစ်သည်။
တစ်သက်တွင် ဘယ်လိုမှ ပြန်ဆုံစည်းရန် လမ်းမရှိခဲ့သော ညီအစ်ကို သူငယ်ချင်းနှစ်ယောက်
ပြန်လည်ဆုံတွေ့ခဲ့ကြပြီ။ ထိုအဖြစ်ကို ပြန်ပြောပြဖို့အတွက် “အံ့ဩဖွယ်ရာ” ဟူသော
ဝေါဟာရ တစ်လုံးတည်းဖြင့် မည်သို့မျှ မလုံ လောက်နိုင်ကြောင်း ကျွန်တော်တို့အားလုံး
လက်ခံလိုက်ကြသည်။
ကျွန်တော်တို့နှစ်ယောက်က ရှစ်မိုင်မှာ နေသည်။ သူက အိုအေစစ်မှာ၊ ဝေထွန်းဆီမှာ
သီချင်းတွေ သွင်းနေ။ ဝင်ခလုပ်၊ ထွက်ခလုပ် ဆုံဖြစ်ကြ။ ပြောဖြစ်ကြ။
ကျွန်တော်ကတော့ စိတ်လိုလျှင် စကားဒလစပ်ပြောပြီး အများအားဖြင့် စာအုပ်တစ်အုပ်ဖြင့်
နှုတ်ဆိတ်နေတတ်သော သူ့ကို ကြည့်ကာ သဘောတကျကျ။ တကယ်တမ်း စကားပြောမည်ဆိုလျှင်
စာအုပ်များကို တန်ဖိုးထားတတ်၊ ဝါးစား သလို ဖတ်တတ်သော သူ့ တွင် ပြောစရာစကား
တစ်ပုံတစ်ပင်။ သူမည်မျှစာဖတ် နာထားသည်ကို “ရေမျောသီး” အသံထွက် ဝထ္ထုတစ်ပုဒ်ကို
ဖတ်ပြထားခြင်းဖြင့် သက်သေထူခဲ့သည်။ သူ့ဝမ်းစာကို သူ အိန္ဒြေရရ ပြသနိုင်ခဲ့ သော
ထိုငှက်ကို ဘယ်အချိန် စာပေနယ်ဘက် ကူးစက်ဝင်ရောက်ခဲ့လေမလဲဟု ငေးမောကြည့်နေမိဖူးသည်။
ကျွန်တော်တို့ခေတ်ကာလက အလွန် စွဲလန်းနှစ်သက်ခဲ့ဖူးသော ဆရာကျော်စိန်မင်း၏ သိပ္ပံဝတ္ထုများကို
ရှုမဝမဂ္ဂဇင်းမှ ဆုတ်ဖြဲကာ ကဒ်ထူဖုံးဖြင့် သူချုပ်သိမ်းထားသည်ကို တွေ့ခဲ့ဖူး
သည်။ စာအုပ်ရှေ့ဖုံးတွင် သူ့လက်ရေးဖြင့် တိုတို တုတ်တုတ်ရေးထားသည်မှာ (ကျွန်တော်
အမှတ် မမှားခဲ့လျှင်) ..
သတိ
မည်သူ့ကိုမျှမပေးပါ။
ထူးအိမ်သင်
ဟုဖြစ်လိမ့်မည် ထင်ပါသည်။ ကျွန်တော်ပြောချင်သည်မှာ လိုအပ်လျှင် အားမနာတတ်သော၊
စာအုပ်ကို တန်ဖိုးထားတတ်သော သူ့စိတ်ရင်းကိုဖြစ်သည်။
ထိုစာသားများကို ဖတ်ပြီး ထူးအိမ်သင် ဟူသည်မှာ အလွန်မာကြောကြောနိုင်လှသော ဂွစာတစ်ယောက်ပါလားဟု
ထင်မြင်ခဲ့လျှင် ယခု ဖေါ်ပြထားသော ဓါတ်ပုံထဲက သူ့မျက်နှာလေးကို ကြည့်လိုက်စေချင်ပါသည်။

ထိုပုံကို ၉၅၊ သို့မဟုတ်၊ ၉၆ လောက်က ပြုလုပ်ခဲ့သော ဆရာကြီးမင်းသုဝဏ်၏ မွေးနေ့ပွဲတွင်
ကျွန်တော်ရိုက်ယူဖြစ်ခဲ့သော ဓါတ်ပုံဖြစ်ပါသည်။ စာပေပညာရှင်များ၊ လေးစားဂါရဝပြုရမည့်
ဆရာကြီးများရှေ့တွင်မူ သူသည် ငှက်မဟုတ်။ အခွံကျွတ်နေသည့် ရေေ>မတစ်ကောင်သာ ဖြစ်ပါသည်။
သူ့စိတ်ထဲမှ ရိုးရှင်းမှုနှင့် သူ့ရင်ထဲမှ ဂါရဝတရားများကို ပုံထဲတွင် ရှင်းရှင်းမြင်နိုင်ပါသည်။
သူဆရာကြီး ဒဂုန်တာရာကို နှုတ်ဆက်ဂါရဝပြုနေသောပုံ ဖြစ်ပါသည်။
(၅)
သူလက်မခံနိုင်သော အယူအဆ တစ်ခုအတွက် မည်သူ့ကိုမျှ အားနာနှုတ်ဆိတ် နေပေးလိမ့်မည်
မဟုတ်သော၊ ကျည်ထိုး မောင်းတင်ထားသည့် သေနတ်တစ်လက်သည်လည်း သူပင် ဖြစ်နေတတ်သေးသည်။
တစ်ခါက၊ သူနှင့် (ကျွန်တော် မကျွမ်းကျင်သော) သီချင်းသီဆိုမှုကိစ္စ ပြောဆို ဆွေးနွေးခဲ့ကြဖူးသည်။
ကျွန်တော် မဖတ်လိုက်ရသော်လည်း တစ်ဆင့်ပြောဖြင့် ကြားဖူးထားသည့် ဆောင်းပါးတစ်ပုဒ်နှင့်
ပတ်သက်ပြီး မေးမိတုန်းက ဖြစ်သည်။ သူက သီဆိုချင်းနှင့်ပတ်သက်ပြီး အရှည်ကြီး
ရှင်းပြသည်။ ထိုအထဲမှ ကျွန်တော် အလွန် သဘောကျသော စကားတစ်ခွန်းမှာ ..
“ကိုငြိမ်းရ၊ သီချင်းတစ်ပုဒ်ကို ခံစားမှု အပြည့်ထည့်ပြီး ဆိုနေရာမှာ ဟောဒီနားရွက်ဖျား
လေးက (သူ့နားရွက်ဖျားလေးကို သူ့လက်သွယ်သွယ်ဖြင့် ကိုင်ပြပါသည်) အသံထွက်မှ ပြည့်စုံမယ်လို့
ကျွန်တော်ထင်ရင် အဲဒီနေရာက အသံထွက်အောင်လုပ်မယ်။ လည်ချောင်း၊ လျှာခင်၊ အာခေါင်၊
ရင်ထဲကလာတဲ့ အသံတွေ လုပ်မနေနိုင်ဘူး”
ခံစားမှုဖြင့် သွန်းထုနေသော အနုပညာ ပစ္စည်းတစ်ခုအတွက် ပုံသေကားကျ နည်းစနစ် များကို
ဦးစားမပေးနိုင်သည့် အတွက် ထို ငှက် သည် သင်ခန်းစာမကျေသူဟု သတ်မှတ်ဖို့ မဖြစ်နိုင်ဟု
ကျွန်တော်ထင်ပါသည်။ သူရေးနေဆဲ (သို့မဟုတ်) ရေးရန်ရည်ရွယ်ထားသော ဂီတနှင့် ပတ်သက်သည့်
အကြောင်းအရာများကို သူ့ထံမှ ကြားဖူးထားသည်။ သီချင်းတစ်ပုဒ်ကို ဖန်တီးဖို့ အလွယ်လမ်းမလိုက်ခဲ့သော
သူ့အကြောင်း တစ်စွန်းတစ်စ သိထားခဲ့သည်။
သူသီချင်းများထဲတွင် ကျွန်တော် အနှစ်သက်ဆုံး တစ်ပုဒ်ဖြစ်သည့် “ရာဇဝင်များရဲ့
သတို့သမီး” နှင့်ပတ်သက်ပြီး ပြောဖြစ်သည်။ ကျွန်တော်ပြောဖြစ်သည်မှာ ..
ပိုင်ဆိုင်မှုအတွက် စစ်မက်များ
ရင်ဆိုင်တိုက်ခိုက် ခဲ့ကြရ
ဂန္ထဝင်မြောက်တဲ့ အချစ်နဲ့
ကာကွယ်သူ တို့ရဲ့ ဓားတွေ
သူရဲကောင်းတို့ မွေးဖွား
ဒါဟာာ ငါတို့ သမိုင်းရဲ့
တောက်ပခဲ့တဲ့ နေ့ရက်များ
ဧရာဝတီ
ဟူသောအပိုဒ်ဖြစ်၏။
ကျွန်တော်တို့ လှမ်းမမြင်နိုင်သော၊ မမီခဲ့သော ခေတ်အဆက်ဆက်က မြန်မာ့ ဘီဘင်တို့၏
နိုင်ငံတည်ထောင်ရေး အားထုတ် ချက်များသည် သူ့ စာသားသံစဉ်များ၌ ခမ်းနားလွန်းလှသည်။
စကားလုံးကျစ်လစ် သလောက် ပြည့်စုံလွန်းလှသည်။
ကြည့်စမ်းပါ။
မပိုင်ဆိုင်ရသေးသော နယ်မြေတစ်ခု ပေါ်တွင် နိုင်ငံတစ်ခုကိုထူထောင်နိုင်ဖို့ ရန်တကာကို
ရင်ဆိုင်တိုက်ခဲ့ကြသူများ။ တည်ထောင်နိုင်ပြီးခဲ့သော နယ်မြေကို မပြိုပျက်၊ မပျောက်ကွယ်ရလေအောင်
သည်မြေ သည်ရေ သည်ဇာတိကို ချစ်စိတ်ဖြင့် ဓားဖွေးဖွေး သွေးရဲရဲ ဇွဲနပဲထည့် ကာကွယ်ခဲ့ကြသူများ။
တိုက်ပွဲသည် သူရဲကောင်းကိုမွေး၏ ဟူသောအဆိုအတိုင်း သည်တိုက်ပွဲများဖြင့် မြန်မာတို့သမိုင်း၏
သူရဲကောင်းတို့ကို မွေးဖွားပေးခဲ့သော ဧရာဝတီရပ်ဝန်း၏ ကြီးကျယ်ထင်ရှားခဲ့သော
နေ့ရက်များ။
ထိုမျှခန်းနားသော စကားလုံးများကို စီးဆင်းစေခဲ့သည့် သံစဉ်အတီးပိုဒ်တွင် အိန္ဒိယသံစဉ်များ
ရောထည့်ထားခြင်းဖြင့် သီချင်း၏ အလှနှင့်အားကို ပျက်စေသည်ဟု ကျွန်တော်ကထင်သည်။
ကျွန်တော့်အနေဖြင့် သီချင်းကိုအကြိုက်ကြီး ကြိုက်သလောက် ထိုအတီးပိုဒ်တွင် ထည့်ထားသည့်
သံစဉ်ကို မကြိုက်ကြောင်း။ ထင်သည့်အတိုင်း သူ့ကိုပြောသည်။
မှန်ထူထူနောက်မှ ငြိမ်သက်သော မျက်လုံးဖြင့် တစ်ချက်ကြည့်သည်။ သည့်နောက် သူ
ကျွန်တော့်ကိုပြောသည်။
“ကိုငြိမ်း.. ပုဂံရောက်ဖူးတယ်မဟုတ်လား။ အဲဒီက ဟိုးရှေးပုဂံရဲ့ အငွေ့အသက်တွေမှာ
ဘာတွေပါနေတာ တွေ့ခဲ့လဲ။ ကျွန်တော်တို့ရဲ့ ရှေးပုဂံက မြန်မာကြီးတွေဟာ ဘယ်လိုပုံမျိုး
ဖြစ်မလဲ။ ကျွန်တော် ပေါ့ပေါ့လုပ်ခဲ့တာ မဟုတ်ဘူး။ ဒီ အာရေဗီယမ်စကေးတွေကို တမင်ကိုထည့်ခဲ့တာ”
ထိုငှက်သည် အဆန်ကိုမှ ပျံတတ်သည့် ငှက်မျိုးဖြစ်ပါသည်။
(၆)
ကျွန်တော်တို့ အစိမ်းကောင် နှစ်ယောက် “သရဖူ” လုပ်ဖြစ်သောအခါ၊ ၃၆လမ်းထဲရှိ အခန်းလေးထဲသို့
သူ မကြာခဏ လာလေ့ရှိသည်။ ကျဉ်းကြုပ်ကြပ်တည်းလှသော “အေဇက်” ၏ အထပ်ခိုးလေးပေါ်တွင်
သူ့ခန္ခာ ပါးလှပ်လှပ်လေးကို သင့်ရာတစ်နေရာတွင် ခွေခေါက် ထိုးသိပ်ထည့်ထားပြီး
စာတစ်အုပ်နှင့် ဖြစ်သလိုနေနေတတ်သည်။
နှစ်ပတ်လည် အထူးထုတ်လုပ်မယ်။ ကဗျာပေးဟု ဂြိုလ်ကျသောအခါလည်း မညည်း။ မဂ္ဂဇင်းများတွင်
ကဗျာရေးခဲလှ (မရေးသလောက် ရှိလှ) သော နိုင်ငံကျော် သီချင်းရေးဆရာသည် အမွေးအတောင်မစုံသေးသော၊
လူကြိုက်နည်းသော ကျွန်တော်တို့မဂ္ဂဇင်းကို (ထူးအိမ်သင်) ဟူသောအမည်ဖြင့်ပင် ကဗျာတစ်ပုဒ်ပေးခဲ့သည်။
(ထိုအမည်ဖြင့် ကဗျာဖေါ်ပြခဲ့ဖူးသည်ကို ကျွန်တော် မတွေ့ဖူးသေးပါ)။
ယခုပြန်ဖတ်တော့ အမျိုးအမည် ခွဲခြားဖေါ်ပြရန် ခက်ခဲလှသော ခံစားမှုအလုံးအထွေးကြီး
တစ်ခု ရင်ထဲတွင် လှိမ့်ကြွလာသည်။ ထိုအရာ ကို“ကြေကွဲခြင်း”ဟု အမည်တပ်ရမည်ထင် သည်။
သက်တံမြစ်
ညနေခင်းတစ်ခု
မိုးစဲလင်းပွင့် ကောင်းကင်မှာ
ဟာာ . . .
လှလိုက်တဲ့ သက်တံကြီးတစ်စင်း
စီးဆင်းနေတာ တွေ့တယ်။
ရုတ်တရက်ပဲ
ငါ ကြေကွဲခဲ့ရပေါ့။
ဘဝဆိုတာ
သက်တံလိုပါလား …
ရှိတော့ရှိရဲ့
ဒါပေမယ့်
အရှိမဲ့။
ထူးအိမ်သင်
ဘဝဆိုတာ သက်တံလိုပဲ (ရှိတော့ ရှိတယ်။ ဒါပေမယ့် အရှိမဲ့) ဆိုတဲ့ ဒဿနကို သူ ထူထောင်ခဲ့တာ
လွန်ခဲ့တဲ့ ကိုးနှစ်လောက် ကတည်းကပါလား။
လူတွေအားလုံးက ရှိနေတယ်လို့ ထင်တဲ့ မြင်နေရတဲ့ သက်တံဟာ တကယ်တော့ မရှိခဲ့။ သက်ရှိထင်ရှား
ရှိနေတဲ့ သူ(ငှက်)လည်း တကယ်မရှိခဲ့ဘူးပေါ့။ ဒ ဏ္ဍ ာ ရီတွေ မပြောပါနဲ့ ငှက်ရယ်။
အခု သက်ရှိထင်ရှား မရှိတော့တဲ့ ငှက်ဟာ လူတွေရင်ထဲမှာ ထင်ထင်ရှားရှား လင်းလင်းလက်လက်ကြီးကို
ရှိနေသေးတာကို မြင်ရင် ကိုယ့်လူ ဘယ်လိုများ ရေးဖွဲ့ပြဦးမှာလဲ။
သိချင်လိုက်တာ။
(၇)
သရဖူတိုက်ကို လမ်း(၃၀)ထဲ ရွှေ့ဖြစ်သောအခါ၊ ထိုနေရာသည် ပုသိမ်သားများ စုဝေးရာနေရာတစ်ခုလို
ဖြစ်လာတော့သည်။ မဂ္ဂဇင်းတိုက်တွင် ကိုနေမျိုးဇော်၊ ကိုမင်းထက်မောင်၊ ကိုကြွက်တို့ရှိသည်။
သူတို့က ပုသိမ်သား။ သီဟန်သွင် ရောက်လာသည်။ မြင့်မိုးအောင်တို့ မောင်နှံ မကြာခဏ
ဝင်လာတတ်သည်။ တခါတရံ သူတို့သူငယ်ချင်း ဇော်ဇော်အောင်၊ ကိုမြင့်ဆွေ၊ အလတ်တို့
ရောက်လာသောအခါ ကျွန်တော်တို့တိုက်သည် ထိုအစုအဝေးနှင့် မကင်းသော ငှက်အတွက်လည်း
အသိုက်ငယ်တစ်ခု ဖြစ်ခဲ့သည်။
သည်တုန်းက နောင်သူ့ဇနီးဖြစ်လာမည့် မိသွယ်သည် ပထမနှစ် တက်နေတုန်း ဖြစ်မည်။ သူ
ပိုးပန်းနေတုန်းလား၊ ချစ်သူ ဖြစ်နေကြပြီလား ကျွန်တော်မသိ။ သို့သော် ထို မိန်းကလေး
ကျောင်းအဆင်းအတက်ကို စောင့်ရမည့် အချိန်တို့တွင် သရဖူ၌ စာအုပ် ထိုင်ဖတ်နေသော
ငှက်ကို တွေ့ရမည်ဖြစ်သည်။
တစ်ခါတစ်လေမှာ တောကျသော ကျွန်တော့်ကို သူက အထူးအဆန်းတွေ မိတ်ဆက် ပြတတ်သည်။
“ဟေ့လူ ခင်ဗျား မက္ကဆီကန်တော အရက်သောက်မလား”
“ဘာလဲဟ၊ နင့်ဟာက၊ ကိုယ်မသိ ဘူး”
“ဟောလိုသောက်ရတာ။ ခင်ဗျားရဲ့ ညာလက်ညှိုးနဲ့လက်မကြားမှာ ပါးပါးလှီးထားတဲ့ သံပုရာသီး
အဝိုင်းခြမ်းကို ညှပ်။ အဲဒီ လက်ညှိုး လက်မကြားက လက်ခုံပေါ်မှာ ဆားနည်းနည်းပုံ။
အရက်ခွက်ကို ဘယ်လက်က အသင့်ကိုင်ထား။ အိုကေနော်။ ကဲ။ ညာလက်ခုံက ဆားကို လျှာနဲ့အမြန်လျှက်၊
ဘယ်လက်မှာ ကိုင်ထားတဲ့ အရက်ကို တစ်ခါတည်းမော့၊ ပြီးတာနဲ့ ခုနက ညာလက်မှာ ညှပ်ကိုင်ထားတဲ့
သံပုရာခြမ်းကို ပါးစပ်ထဲပစ်ထည့်လိုက်တော့။ သုံးခုစလုံး ဆက်တိုက် ချိန်ကိုက်လုပ်ရမှာ”
သူက လက်ဟန်ခြေဟန်နှင့် သရုပ်ပြ သည်။ သူ့ကိုမြင်ရသည်မှာ အလွန်လှပစွာ ကပြနေသော
သရုပ်ပြ တစ်ယောက်လိုဖြစ်သည်။ ကျွန်တော်က ရယ်ပြုံးပြီး တစ်ခါမှ မသောက်ဖူးကြောင်း
ပြောတော့ လာလိုက်ခဲ့ဟုဆိုကာ ယုဇနဂါးဒင်းသို့ ခေါ်သွားသည်။ သူ့နည်းအတိုင်း အရက်
တစ်ပုလင်းကုန်အောင် သောက်ခဲ့ရသည်။ “တာကွီလာ” ဟုခေါ်သလား။ ကျွန်တော် သိပ်မမှတ်မိတော့။
ခဏနေတော့ ဆိုင်ထဲမှာ ပရိသတ် တစ်ချို့က သူ့ကိုမြင်သွားကြသည်။ ကိုငှက် တစ်ပုဒ်လောက်ဆိုပါဗျို့ဟု
တောင်းဆိုကြသည်။ “ကျွန်တော် အရက်လာသောက်တာပါဗျာ။ သီချင်း လာဆိုတာမဟုတ်ပါဘူး။
ခွင့်လွှတ်ပါ” ဟုတောင်းပန်ရင်း ဆက်သောက်သည်။ သိပ်မကြာ ဟိုလူလာခေါ် ဒီလူလာပြောနှင့်
စင်ပေါ်တက် ဆိုရပြန်သည်။
“ခဏဗျာ။ တစ်ပုဒ်နှစ်ပုဒ် ဆိုပေးလိုက် ဦးမယ်။ ပြီးရင် တခြားသွားသောက်ရအောင်”
ထိုညက တခြားသွားမသောက်ဖြစ် ကြတော့။
(၈)
ကမ္ဘာလှည့် စာအုပ်ရောင်းသည့် ဈေးသင်္ဘောကြီး နန်းသီတာဆိပ်ကမ်းတွင် ကမ်းကပ်ကာ
စာအုပ်ရောင်းချပေးမည့် သတင်းကို ဖတ်ရသည်။ ဘာစာအုပ်တွေများ အထူးအဆန်း ပါလေမလဲဟု
စိတ်စောကာ သဘောင်္ဆိုက်ရက်ကို မျှော်နေမိသည်။ သဘောင်္လာတော့ ပထမရက် မိတ်ဆွေများနှင့်စုပြီး
စာအုပ်တွေ သွားငေးသည်။ နောက်တစ်ရက် စာအုပ်ဝယ်ရန် တစ်ယောက်တည်း ထပ်သွားသည်။
လိုအပ်သော စာအုပ် တစ်ချို့ဝယ်ပြီး သဘောင်္ပေါ်က ဆင်းလာသည်။ ကိုယ့်အတွေးနှင့်ကိုယ်
ငေါင်တောင်တောင် ဆင်းလာနေမိခြင်းဖြစ်မည်။
“ကိုငြိမ်း” ဟု ခေါ်သံကြောင့် ကြည့် လိုက်တော့ ငှက်ဖြစ်သည်။ နန်းသီတာ ကားပါကင်တွင်ဖြစ်၏။
သူတစ်ယောက် တည်း။ ကျွန်တော် အတော်ဝမ်းသာသွားသည်။ သူနှင့် မတွေ့ရသည်မှာ ၂နှစ်ခန့်ကြာသွား၍
ဖြစ်သည်။ နှစ်ယောက်သား စကားတွေ ပြောဖြစ်ကြသည်။ တွေ့ဖို့ဆုံဖို့ချိန်းဆိုကြသည်။
ကျွန်တော်တို့နှစ်ယောက်၏ ဖြစ်နေကျ ထုံးစံအတိုင်း အချိန်းအချက်များသည် ဘယ်တော့မှ
ဖြစ်မလာတတ်ကြကြောင်းကိုမူ နှစ်ဦးသား ကျေကျေနပ်နပ် မေ့ထားဖြစ်ခဲ့ကြသည်ဟု ထင်သည်။
ထိုနေ့သည် ခင်မင်ရင်းနှီးသူနှစ်ဦး၏ နောက်ဆုံးအကြိမ် တွေ့ဆုံခြင်းဖြစ်မည်ဟု
သူရော ကျွန်တော်ပါမသိခဲ့။
စာအုပ်ဝယ်ရန် သဘောင်္ပေါ်သို့ ငှက် တက်သွားခဲ့သည်။ သူ့ကျောပြင်သည် သူ့အား ကျွန်တော်
မြင်လိုက်ရသည့် နောက်ဆုံးမြင်ကွင်း ဖြစ်ခဲ့သည်။
(သူ့ဈာပနတွင် တိုးကြိတ်ကြပ်ခဲနေသော လူများ ကြားမှ သူ့မျက်နှာကို ကြည့်မြင်ခွင့်မရခဲ့ပါ)
(၉)
ခုတလော ဒီဂျစ်တယ်ဓါတ်ပုံများ အတော်စုဆောင်းဖြစ်နေသည်။ ဝထ္ထု၊ ဆောင်းပါး၊ အက်ဆေးတစ်ခုခု၏
text များ အဖြစ်၊ ထိုဓါတ်ပုံများကို ထည့်သွင်းအသုံးပြုလိုသည့် ချဉ်ခြင်းကြောင့်ဖြစ်သည်။
စုဆောင်းမိသည့်ပုံများထဲတွင် မြစ်ဆုံမှ အစပြုသော ဧရာဝတီပုံများလည်း ပါဝင်ခဲ့သည်။
ထိုအခါ ရာဇဝင်များရဲ့သတို့သမီးသခင် ငှက် ကို သတိတရရှိသည်။ ထိုသီချင်းကို စာသားရော
note များဖြင့်ပါ ဖေါ်ပြရင်း ကျွန်တော့်ဖန်တီးမှု တစ်ခု၏ text အဖြစ်သုံးချင်လာသည်။
ကျွန်တော် လိုအပ်သော သီချင်းစာရွက် ရှာပေးကြပါရန် ညီငယ်များသို့ အကူအညီတောင်းထား
ဖြစ်သည်မှာ ရက်ပိုင်းသာရှိသေးသည်။ ဘယ်မှ ရှာမတွေ့လျှင် ငှက်ထံမှ တောင်းယူမည်
ဟူသော စိတ်ကူးက ရှိနှင့်ပြီးဖြစ်သည်။
သူ့နာရေးသတင်းကို ကိုစန်းဦးထံမှ ပထမဆုံး ကြားရသည်။ ကျွန်တော် မယုံချင်။ ကိုစန်းဦးကလည်း
မသေချာသေး၊ သေချာအောင် မေးထားသည်ဟုဆိုသည်။ ကျွန်တော့် ရင်ထဲမှာ မသေချာချင်ပါ။
သေချာပါတယ်ဟူသော အဖြေကိုလည်း မကြားချင်ပါ။
ထိုအရွယ်၊ ထို အနုပညာအတုံးအခဲကြီးကို သေရမည့်အရွယ်ဟု မည်သို့မျှ ကျွန်တော်
သတ်မှတ်နိုင်စွမ်းမရှိခဲ့။ အမှန်ကို လက်ခံရန် ကျွန်တော့်ငြင်းပယ်နေမှုဖြစ်ပါသည်။
ဖြစ်ရပ်မှန်မှာ ငှက်ကြီး သေဆုံးသွားခဲ့ပြီ ဖြစ်ပါသည်။ ကျွန်တော့်ရင်ထဲတွင်မူ
ကျွန်တော့် ငှက်သည် နိုင်ငံတကာသို့ လှည့်လည်သွားလာနေသည့် စာအုပ်သဘောင်္ပေါ်တွင်
အေးအေးလူလူ ဖတ်ချင်ရာကိုဖတ်ရင်း ခရီးသွားနေသည်ဟု အမြဲမှတ်ယူထားပါမည်။ ကျွန်တော့်သူငယ်ချင်း
မသေဆုံးပါ။
နားထဲတွင် ဟာမိုနီကာသံ သဲ့သဲ့ကြားသည်။ ကျွန်တော့်မျက်လုံးများ အိုအေစစ် အသံသွင်းခန်းကို
မြင်ယောင်နေသည်။ မဟုတ်နိုင်ပါ။ ပက်လက်ကုလားထိုင်လေး တစ်လုံး။ ဟိုး သင်္ဘော လက်ရန်းလေးဘေးမှာ။
အဲသည်မှာ ငှက်ထိုင်နေပါသည်။ သူ့လက်ထဲတွင် အမည် ရေးထိုးမထားသော စာအုပ်ထူကြီးတစ်အုပ်
ရှိသည်။ သူ့မျက်မှန်မှ ထွက်နေသော တလက်လက် အလင်းများက မြစ်ရေပြင်နှင့် အချက်ပြ
ဆက်သွယ်နေကြသည်။ လွတ်မြောက်ရာ အရပ်တစ်ခုဆီသို့ သူတို့စတင်ထွက်ခွာရန် သင်္ကေတဖြင့်
အကြောင်းကြားနေခြင်း ဖြစ်နိုင် သည်။ တစ်စုံတစ်ရာမက ထုဆစ်ခဲ့သူသည် လောကကို အနိုင်နှင့်ပိုင်းသွားခဲ့သည်လား။
ဟာမိုနီကယ်အသံများ ပိုကျယ်လောင်လာသည်။ သည့်နောက် သီချင်းဆိုသံများ။ သေချာသည်။
ထိုအသံသည် ရာဇဝင်ကို ထုဆစ်ခဲ့သည့် အနုပညာငှက်၏ အသံစစ်စစ်ဖြစ်သည်။
ရာဇဝင်ဟောင်းရဲ သင်းချိုင်းရာ
ရာဇဝင်သစ်တို့ မွေးမွားရာ
ရွှေရောင် နေ့သစ်များအတွက်
ရင်ခုန်သူ တို့ရဲ့ သီချင်းတွေ
ပျိုမြစ် စိမ်းလမ်းရေးအတွက်
ယုံကြည်သူ တွေ အသက်နဲ့
ထုဆစ်ခဲ့တဲ့ အိပ်မက်များ (ဧရာဝတီ)
ရာဇဝင်များရဲ့ သတို့သမီး ငါတို့ရဲ့မိခင် (ဧရာဝတီ)
ရာဇဝင်များရဲ့ သတို့သမီး ငါတို့ရဲ့ဝိဉာဉ် (ဧရာဝတီ)
ကျွန်တော်တို့အားလုံး ပျိုမြစ် စိမ်းလန်းရေးအတွက် သူ့ရင်ခုန်သံနဲ့ ထုဆစ် ခဲ့သော
သီချင်းကိုနားထောင်ကြပါစို့။

ငြိမ်းအေးအိမ်