မျက်ရည်စက်များဖြင့် ဖွဲသီသော အလွမ်းမှတ်တမ်း – အောင်စိုးသူ-စတိုင်သစ်

မျက်ရည်စက်များဖြင့် ဖွဲသီသော အလွမ်းမှတ်တမ်း – အောင်စိုးသူ-စတိုင်သစ်

… မျက်ရည်စက်များဖြင့် ဖွဲသီသော အလွမ်းမှတ်တမ်း …

ကျွန်တော်ကတော့ စိတ်ထဲမှာ မွန်းကျပ်မှုတွေများလာရင် သူ့သီချင်းလေးတွေ နားထောင်ဖြစ်ပါတယ်။ သူ့အသံရဲ့ထူးခြားမှု၊ သီချင်းတစ်ပုဒ်ကိုဖွဲ့စည်းထားတဲ့ စကားဝါကျတွေဟာ အားမာန်ကိုဖြစ်စေသလို၊ နားထောင်သူရဲ့ ပင်ကိုယ်ခံစားမှုအလိုက်အတွေးကိုလည်း ကျယ်ပြန့်ခံစားစေတယ်။ ဘယ်သီချင်းဖြစ်ဖြစ်၊ ဘယ်လိုပုံသဏ္ဌာန်ပဲဖြစ်ဖြစ် သီချင်းတစ်ပုဒ်ကို ကိုယ်တိုင်ခံစားမှုနဲ့ ဆိုတတ်သူ။ မှတ်မိပါသေးတယ်။
“နာရီသံတွေဆူညံလွန်းနေ၊ ရင်ခုန်သံတွေမြန်တယ်အချစ်ရေ၊ ငိုချင်ပါတယ် မျှော်လင့်ခြင်း တို့တတွေ၊ ဒီအချိန်ဟာ နောက်ဆုံးလား၊ နှုတ်ဆက်လိုက်ဖို့ အားတင်းထားရင်း ပါးပြင်ပေါ်မှာ မျက်ရည်တွေဟာ အချိန်နာရီတွေကို ကျော်လွန်ရေလိုဖြစ်ပြီး စီးဆင်းနေဆဲ ချစ်သူရေ xxx ” သူ့ရဲ့ဒီသီချင်းလေးကို အဆောင်ကင်တင်းကနေ ခပ်တိုးတိုးလေးလွင့်ပျံ့နေစဉ်မှာ ကျွန်တော့်ရဲ့ ကျောင်းသားဘဝ အချစ်တတ်ဆုံး နှလုံးသားတစ်စုံ ကံ့ကော်ပင်အောက်မှာ ကြွေမွခဲ့ရဖူးသည်။ တစ်ယောက်မျက်ရည် တစ်ယောက်သုတ်ပေးရင်း လမ်းခွဲချိန်ကို ကျွန်တော် ကောင်းကောင်းကြီး ရင်ဆိုင်ခဲ့ရဖူးသည်။
“ရက်စက်တဲ့နေ့ရက်များ တိုက်ခိုက်ကြလို့ အားနည်းနေပြီဆို၊ တင်းထားတဲ့ စိတ်ဓာတ်များ ပြိုကွဲသွားမလား စိုးရိမ်လို့ ရင်မှာ ဒဏ်ရာများနဲ့ နာကျင်နေပြီပဲ။ အိမ်ပြန်ချင်တယ်၊ အငြိမ်းချမ်း အနွေးထွေးဆုံး အမေ့အိမ်” သူ့ရဲ့ ဒုတိယကြိုးပမ်းမှု မှော်ဆရာအိပ်မက်စီးရီးထဲက အမေ့အိမ်သီချင်းလေးနဲ့ ကျွန်တော်တို့ရင်ထဲကို အသိတစ်ခု၊ အတွေးတစ်ခုကို သူပေးနိုင်ခဲ့တယ်။ ကျွန်တော်တို့ရဲ့ နှလုံးသား၊ စိတ်ကို သူသိတဲ့၊ နားလည်တဲ့၊ ဂီတသံစဉ်တွေနဲ့ ဖွဲ့စည်းပြီး စိတ်ဓာတ်အာဟာရကျွေးခဲ့တယ်။
သူ့သီချင်းစာသားရဲ့ နောက်ဆုံးသူပြောခဲ့တဲ့စကားလေး ခုတွေးခုထိ ခုမျက်ရည်ကျစေတုန်းပါပဲ။ တကယ်တော့ သူဟာ သီချင်းဆိုတတ်ရုံတတ်တဲ့ အဆိုတော်သက်သက်တစ်ယောက်မဟုတ်ခဲ့တာ သေချာပါတယ်။ ပညာရှင်စစ်စစ်။
“အားလုံးထက်နွေးထွေးလုံခြုံတဲ့နေရာဟာ အမေ့ရင်ခွင်ပဲလို့ သိလိုက်ရတဲ့အချိန်ကျတော့ ကျွန်တော်က ဟိုးအဝေးကြီးမှာ ရောက်နေခဲ့ပြီလေ” တဲ့။ ကိုငှက်စကား၊ ကိုငှက်အသံ၊ အခုကြား အခုထိ လှိုင်းထန်နေတုန်းပါပဲ။ အဝေးကြီးကို ထွက်သွားပြီတဲ့လား။ ကိုငှက်ချစ်တဲ့ အနုပညာ၊ ကိုငှက်ချစ်တဲ့ မိသားစုအသိုက်အဝန်း၊ ကိုငှက်ဆီက ကျွန်တော်တို့လို တေးချစ်ပရိသတ်တွေ အလိုချင်ဆုံး စကားလုံးအတွေး၊ စိတ်အာဟာရ၊ စာသားသံစဉ်တွေကို မျှော်လင့်ခွင့်မပေးတော့ဘူးတဲ့လား။
“ငါဟာ မှားယွင်းခဲ့၊ ရူးသွပ်မှုတွေအလယ်၊ ငါလိုချင်တာအချစ်စစ်၊ ဘယ်လိုယုံရမလဲ၊ ငါ့အတွက်တံခါးများက အမြဲတမ်းပိတ်ဆို့ထား၊ အရူးအမူးနှလုံးသားက ဟာ.. ထွက်ပေါက်မရှိဘူး” တဲ့လား ကိုငှက်ရယ်။ တကယ်တော့ လူ့ဘဝဆိုတာ လူသားဆန်တဲ့ လူတစ်ယောက်အတွက် ကိုငှက်အမြဲတမ်းဖတ်မှတ်လေ့လာကျင့်ကြံခဲ့တဲ့ ဗုဒ္ဓအဆုံးအမကို နှလုံးသားမှာ ထာဝရတည်ရှိဖို့ ကြိုးစားသူတစ်ယောက်အတွက် ဖွင့်ထားတဲ့ တံခါးရှိရာကို ကိုငှက်ထွက်သွားခဲ့ခြင်းလား။
“ဒီမှာ ကိုအောင်စိုးသူ၊ လူဖြစ်လာရင် လူပီသအောင် နေတတ်ဖို့အရေးကြီးတယ်ဗျ။ လူးတစ်ယောက်မဖြစ်အောင် စိတ်ကို ဆုံးမတတ်ရတယ်” တဲ့။ ကိုငှက်ပြောခဲ့ဖူးတဲ့စကား။ အခု ကိုငှက်မရှိမှ နားလည်နေမိပါတယ်။ အခုတော့ လူ့လောကကို ၁-၇-၁၉၆၃ ခုနှစ်မှာ တေးသွားသံစဉ်တွေ၊ အတွေးအခေါ်တွေ၊ တစ်ပွေ့တစ်ပိုက်နဲ့ ရောက်ခဲ့တဲ့ ကိုငှက်တစ်ယောက် ၁၄-၈-၂၀၀၄ ဆိုတဲ့နေ့ရက်အရောက်မှာ ပြန်ပြီးထွက်ခွာသွားပြန်ပေါ့။ လူ့လောကထဲမှာ ၄၂ နှစ်ထဲ နေထိုင်ခဲ့ရပေမယ့် လူတစ်ယောက်လည်း ပီသ၊ အနုပညာရှင်ကြီးတစ်ယောက်အဖြစ်လည်း ပီသ၊ ကျွန်တော်တို့ များစွာသောကျွန်တော်တို့ရဲ့ စိတ်တံခါးတွေကိုလည်း နောက်ဆုံးအချိန်ထိ တွန်းဖွင့်ပေးသွားခဲ့။ ဒီတန်ဖိုးဟာ အဖိုးမဖြတ်နိုင်အောင်ပါပဲ။ ချစ်သူတွေ အသက်တို၊ မုန်းသူတွေ အသက်ရှည်ဆိုတဲ့ လောက ပညတ်ချက်ကြီးသာ စောစောသိခဲ့ရင် ကျွန်တော်တို့ ကိုငှက်ကို မချစ်ခဲ့ပါဘူး။ ခုတော့ ..
“ငါလျှောက်ခဲ့တဲ့လမ်းမှာ ပြန်မလာဘူး၊ ဆုံးဖြတ်ခဲ့ပြီးမှ တွေဝေသလား မင်းသိမှာပါ၊ ငါလေ တစ်ယောက်တည်း အထီးကျန်၊ ဒီကမ္ဘာ ဘယ်အရာတည်မြဲသလဲလို့ တစ်ယောက်တည်း တွေးမိတော့၊ ငါလိုချင်တာတွေ ယုံကြည်တာတွေ မရေရာဘူး အချစ်ရေ၊ အလကားပဲ။ တမ်းတခဲ့တဲ့ ဘဝရဲ့ပန်းတိုင် ဘာတွေလဲ။ မင်းသိခဲ့တဲ့ ဘဝရဲ့အဓိပ္ပာယ် ဘာတွေလဲ မင်းသိမှာပါ” တဲ့။ ဟုတ်ကဲ့ ကျွန်တော်တို့ သိလိုက်ပါပြီ ကိုငှက်ရေ။ ရောက်တဲ့နေရာ၊ ရပ်တဲ့နေရာကနေ တုန်ရင်လှိုက်မောစွာ သိလိုက်တာပါ။ တကယ်တော့ ကိုငှက်ဟာ ဘဝရဲ့ ဖြတ်သန်းမှု ခရီးမှာ သီချင်းသံစဉ်လေးတွေကိုတင် ချစ်တာမဟုတ်ပါဘူး။ ဘုရားကိုလည်း ချစ်ခဲ့တယ်။ ဘုရားရဲ့တရားတော်တွေကိုလည်း ချစ်ခဲ့တယ်။ ပြီးတော့ ကဗျာကိုချစ်တယ်။ လူငယ်ကိုချစ်တယ်။ ပြည်သူကိုချစ်တယ်။ နိုင်ငံကိုချစ်တယ်။ အမေကိုချစ်တယ်။ ဆရာဇော်ဂျီအပါအဝင် ဆရာဒဂုန်တာရာအပါအဝင် သူလေးစားတဲ့ အနုပညာရှင်တွေကို ချစ်တယ်။ ချစ်ခဲ့တယ်။ “ဘယ်သူမဆို ကျွန်တော့်အနုပညာကို ခွင့်တောင်းရင် အလကားပေးဖို့ ဝန်မလေးဘူး။ လုပ်ချင်သလို လုပ်ပြီးမှ ကျွန်တော်သိလိုက်ရရင်တော့ ကျွန်တော်ခွင့်မလွှတ်ဘူး။ အဲဒါမျိုးက ကျွန်တော်အနုပညာကို စော်ကားတာ။ လူကို စော်ကားတာထက်နာတယ်။ သူတို့ သူတို့တတွေ အဆင်သင့်ခူးစားနိုင်ဖို့ ကျွန်တော်ရင်းနှီးခဲ့ရတာ၊ ပေးဆပ်ခဲ့ရတာဟာ ကျွန်တော့်ဘဝတစ်ခုလုံးပါပဲ။ ဒါကိုတော့ အစော်ကားမခံနိုင်ဘူး” တဲ့။ အနုပညာရှင်စစ်စစ်ကြီးရဲ့ အနုပညာမာန။ ကိုငှက်ရယ် အဲဒီ ကွက်လပ်အတွက် ဘယ်သူ့ကို အစားထိုးရမလဲ။
“ငှက်ကြီးရေ မင်းအသံကို ငါကြားချင်တယ်။ ဒါပေမဲ့ မကြားရ၊ မင်းအကြောင်းတွေ ပြောချင်တယ်။ ဒါပေမယ့် ငါ့နှုတ်တွေ ဆွံ့အ။ မင်းကို ငါလိုက်ရှာတော့ ငါ့ရင်ထဲမှာ မင်းကိုတွေ့တယ်။ မင်းဟာ သီချင်းတွေဆိုလို့။” တေးရေးဆရာ မောင်သစ်မင်းရဲ့စကား။ “ ငှက်ကြီး အနုပညာအတွက်ကိုသာ တစ်စိုက်မတ်မတ်လုပ်ခဲ့ရတော့ အကြွေစောခဲ့ရတယ်။ နှမျောမိတယ်။ ကြေကွဲ ဝမ်းနည်းစွာဖြင့်တဲ့။” အဆိုတော် ခင်မောင်တိုးရဲ့စကား။ “ငှက်ကြီး ခင်ဗျားကို သတိရဖို့ Percussion တွေ၊ Harmonica တွေရှိနေတယ်ဗျာ။” အဆိုတော် ဇော်ဝင်းထွဋ်ရဲ့ နှလုံးသားထဲကစကား။ “ကျွန်တော်တို့ စိတ်ကို အာဟာရကျွေးဖူးတဲ့ ကျွေးကျေးဇူးရှင်ကြီးတစ်ယောက်။ အရမ်းကို ဝမ်းနည်းပါတယ်။ နှမျောပါတယ်။” အဆိုတော် အငဲရဲ့စကား။ ပြီးတော့ ငှက်အသိုင်းအဝန်း၊ ငှက်မိဘ၊ ငှက်ချစ်တဲ့ သမီးလေး ထောထော (မိကွန်ထော) ပြီးတော့ ငှက်ပရိသတ်တွေရဲ့ စကား။ အရာအားလုံးကို ထားခဲ့ပြီ။ အရာအားလုံးကို မကြားနိုင်တော့ပြီ။ အနုပညာသာရှိ ငွေကိုမသိတဲ့သူ။ အနုပညာရှိ၊ ငွေကို ရှိအောင်မလုပ်ခဲ့သူ။ သူဆယ်စုနှစ် နှစ်စုနီးပါး အခိုင်အမာရပ်တည်သွားနိုင်သူရဲ့ သီချင်းအယ်လ်ဘမ်က ဆယ့်သုံးခုထဲ။ ဒါပဲရှိ၊ ဒါပဲသိခဲ့သူ။
နာရီပေါ်မှ မျက်ရည်စက်များ၊ မှော်ဆရာအိပ်မက်၊ သက်ငြိမ်၊ အတ္တပုံဆောင်ခဲများ၊ အကြင်နာအိပ်မက်၊ အရင်အတိုင်း၊ စကားလုံးမရှိတဲ့ကောင်းကင်၊ ထူးအိမ်သင် Unplugged Live၊ မြို့ပြလရောင်တမ်းခြင်း၊ အမေ (သို့) မေတ္တာတော်ဘွဲ့၊ ဝင်ရိုးစွန်းမီး၊ အစိမ်းရောင်ရက်စွဲများ၊ တစ်နေ့စကာအလွဲများ ဒါပဲ။ ဒီစီးရီး ဆယ့်သုံးခွေပဲ။ သူ့နှလုံးသားနဲ့ ထုဆစ်ခဲ့တယ်။
“မိသွယ် .. ငါမသေချင်သေးဘူး၊ ငါ့မှာ လုပ်စရာတွေ အများကြီးရှိသေးတယ်” တဲ့။ ကိုငှက်ပြောခဲ့တဲ့စကား။ တကယ်လည်း ကိုငှက်ဆီက ကျွန်တော်တို့ အများကြီးမျှော်လင့်ခဲ့ပါတယ်။ အခုတော့ …။
“ငါ့ဘဝမှာ ဒီနောက်ဆုံးသီချင်းကို ပြီးအောင်ဆိုမယ်သိလား မိသွယ်” နောက်ဆုံးဆိုတဲ့ စကားလုံးကို မသုံးနှုန်းဖို့၊ နောက်ဆုံးသီချင်းဆိုတဲ့အမည်ကို မပေးဖို့ ပြောလာတဲ့ ဇနီးဖြစ်သူ မသွယ်သွယ်ထွေးရဲ့ စကားကို လက်မခံဘဲ မစိုးရိမ်ပါနဲ့၊ ငါမသေနိုင်သေးဘူးဆိုပြီး နောက်ထပ်စီးရီးသစ်အတွက် ကိုငှက်ဆိုခဲ့ပြီးတဲ့ သီချင်း ၆ ပုဒ်ထဲမှာ အဲဒီ “နောက်ဆုံးသီချင်း” ကိုတကယ်ပြီးအောင် ဆိုသွားခဲ့သတဲ့လား။
“မိသွယ်ရယ် .. ငါ့သမီးလေး ထောထောဘဝအတွက်ကတော့ ငါရေးခဲ့တဲ့သီချင်း၊ ငါဆိုခဲ့တဲ့သီချင်းတွေနဲ့ ပူစရာမရှိလောက်ပါဘူး” တဲ့လား။ အခု ကိုငှက်အနားမှာ ကိုငှက်သမီးလေး (တတိယတန်း-က၊ ဒဂုံ-၁) ထောထောရောက်လာပြီလေ။ ကလေးလေးနဲ့မမျှ ဖခင်ကိုကြည့်ပြီး ရှိုက်ငိုနေတဲ့ဟန်၊ တလိမ့်လိမ့်စီးလာတဲ့ မျက်ရည်ပေါက်တွေ၊ အခု ခင်ဗျားမသိတော့ဘူး မဟုတ်လား။ တတိယတန်းကျောင်းသူတစ်ယောက်ရဲ့ လက်ရေးလေး၊ ဖေဖေအတွက် သမီးထောထောဆိုတဲ့ စာတန်းလေးကပ်ထားတဲ့ အလွမ်းပန်းခြင်းလေး၊ ကြည့်နေရင်း ရင်ထဲမှာဆို့နစ်၊ ကြေကွဲ၊ မိုးမင်းကြီးလည်းငို၊ မြင့်မိုးအောင်လည်းငို၊ ရွှေဂျော်ဂျော်လည်းငို၊ မသွယ်သွယ်ထွေးလည်းငို၊ ကိုမောင်မောင်လွင်(လီယိုနတ်)လည်းငို၊ ထွန်းထွန်း(အိပ်မက်ကုန်သည်)လည်းငို၊ တလောကလုံးငို။ ကိုငှက်ရေ .. မိုးကြီးပြိုကြတဲ့အတိုင်းပါပဲ။ ၁၉၈၆ မှစတဲ့ ခင်ဗျားရဲ့ နာရီပေါ်က မျက်ရည်စက်တွေ ၁၆-၈-၂၀၀၄ ရေဝေးအအေးတိုက်မှာ ဆက်လက်စီးမျော။ အတောမသတ်နိုင်အောင်ပါပဲလေ။
ကျွန်တော်တို့ရင်ထဲမှာ၊ စိတ်ထဲမှာ မွန်းကျပ်မှုတွေများလာရင် သီချင်းလေးတွေနားထောင်ဖြစ်နေမှာပါ။ အဲဒီသီချင်းဟာလည်း ကိုငှက်သီချင်းတွေပါပဲလေ။

မိတ်ဆွေကြီးထူးအိမ်သင်သို့အလွမ်း
အောင်စိုးသူ-စတိုင်သစ်